By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပြင်းပြင်းထန်ထန်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ်ဖြစ်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်တပ်ရဲ့လုပ်ရပ်ကို ဝေဖန်ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး အကျွဲရွာကုန်းမှာ တပ်စွဲထားတဲ့စစ်စခန်းကို KIA ပူးပေါင်း တပ်တွေ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ KIA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ အရပ်သားပြည်သူတွေကို စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အခြေအနေ တွေကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးနဲ့ အပြင်းထန် ဆုံး ပြိုင်တူဖိအားပေးကြဖို့ KNU – ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
အီရန်စစ်တပ်က အစ္စရေးစစ်အခြေစိုက်စခန်းတွေနဲ့ ပြည်တွင်းလုံခြုံရေးဌာနကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တစ်ဖက်မှာလည်း အစ္စရေးက အီရန်အပေါ် “အကြီးစား” လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။




