34 C
Yangon

သန်လျင်တွင် ကြံ့ဖွတ်အမာခံမိသားစုမှ အသက် ၁၆ နှစ်အရွယ် မောင်နေဦးလွင်ကို တပ်ကြပ် ဗိုလ်ဗိုလ်ထွန်းက ပေါ်တာဆွဲ မှတ်ပုံတင်အတုလုပ်ပေးပြီး သိန်း ၈၀ ဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစား

Must read

🟥 ပွင့်ဖြူမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေ

ရန်ကုန်၊ မတ် ၁၄

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ကြံ့ဖွတ်အမာခံမိသားစုမှ အသက် ၁၆ နှစ်အရွယ် မောင်နေဦးလွင်ကို တပ်ကြပ် ဗိုလ်ဗိုလ်ထွန်းက ပေါ်တာဆွဲဖမ်းဆီးပြီး အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်အတုလုပ်ပေးကာ သိန်း ၈၀ ဖြင့် စစ်မှုထမ်းလူစားထိုးအဖြစ် ရောင်းစားလိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခိုင်၏ တိုင်ကြားစာအရ သိရှိရသည်။

သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာ ၃ တွင် နေထိုင်သော ကြံ့ဖွတ်ပါတီ၏ အမာခံ ထောက်ခံသူ ကြည်ကြည်ခိုင်၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်နေဦးလွင်ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ သန်လျင်ရေတပ်စခန်းဌာနချုပ်မှ တပ်ကြပ် ဗိုလ်ဗိုလ်ထွန်းက ထမင်းကျွေးမည်ဟုဆိုကာ ထမင်းဆိုင်တွင် စစ်မှုထမ်းရန် လိမ်လည်စည်းရုံးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် အသက် ၁၆ နှစ်အရွယ် မောင်နေဦးလွင်ကို တပ်ကြပ် ဗိုလ်ဗိုလ်ထွန်းက အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတုတစ်ခုအား ကျောက်တန်းမြို့နယ်၊ လဝကကြီးကြပ်ရေးရုံးတွင် ပူးပေါင်းပြုလုပ်ပြီး ကျောက်တန်းမြို့နယ်၊ ဇွဲဘာကုန်းကျေးရွာ ကိုယ်စားပြုအနေဖြင့် စစ်မှုထမ်းအဖြစ် ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းစားပြီး စစ်မှုထမ်းစာရင်းပေးသွင်းလိုက်ကြောင်း သိရှိရသည်။

မိခင်ဖြစ်သူက မတ်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ တိုင်ကြားစာ ပေးပို့ခဲ့ပြီး ၎င်းတို့မိသားစုမှာ စစ်တပ်ထောက်ခံသူနှင့် ကြံ့ဖွတ်ပါတီ ထောက်ခံသူများဖြစ်ကြောင်း၊ အသက်ပြည့်ချိန်တွင် စစ်မှုထမ်းရန် အားပေးသွားမည်ဖြစ်သောလည်း ယခုကဲ့သို့ အတင်းအဓမ္မလိမ်လည်ထည့်သွင်းခြင်းကို လုံး၀ လက်မခံနိုင်ကြောင်း တိုင်ကြားထားသည်။

အလားတူ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင်လည်း စစ်တပ်က စစ်မှုထမ်းခိုင်းရန် လူငယ် ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီခဲ့ကြောင်း ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် ပွင့်ဖြူမြို့နယ် ပွင့်ဖြူမုန်းချောင်းအနောက်ဘက်ရှိ မကျည်းကုန်းဘုရားနားကနေ အကြမ်းဖက်စစ် တပ်က ဖြတ်သွားဖြတ်လာရှိသော ကား၊ ဆိုင်ကယ် စီးနင်းလာသောအမျိုးသမီး ၁ ဦး အပါအဝင် လူငယ် ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲဖမ်းဆီးထားသူများကို ပွင့်ဖြူမြို့ပေါ်ရှိ မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။

“မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်တွင် ပွင့်ဖြူမြို့နယ် ပွင့်ဖြူမုန်းချောင်းအနောက်ဘက်ရှိ မကျည်းကုန်းဘုရားနားကနေ အကြမ်းဖက်စစ်အုပ်စုတို့မှ ဖြတ်သွားဖြတ်လာရှိသော ကား၊ ဆိုင်ကယ် စီးနင်းလာသော လူငယ်အမျိုးသားများကို ပေါ်တာဆွဲဖမ်းခဲ့ရာ လူငယ် ၈ဦး အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ စစ်ခွေး ဖမ်းဆီးသွားတဲ့ အမျိုးသမီးက မုန်းဇလဲရွာက မိန်းကလေး၁ဦးပါ ဆွဲခံရတယ်။ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း ငွေနဲ့ညှိမယ် မရရင် စစ်သင်တန်းကျောင်းပို့မယ်လို့သိရတယ်။ စစ်ခွေးတွေက မိသားစုတွေဆီ အကြောင်းကြား ပြန်ရွေးခိုင်းတာမျိုး မရှိသေးဘူး”ဟု ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယခု မတ်လလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၂၃ ကို ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ပေါ်တာဆွဲမှုကြောင့် စစ်တပ်အတွင်းရောက်ရှိနေသော စစ်မှုထမ်း လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article