ရန်ကုန်၊ မတ် ၁၅
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း -မြင်းခြံလမ်းပိုင်းတွင် အင်အားဖြန့် ကျက်နေရာယူထားသည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် – PLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၄ ရက် နံနက်ပိုင်း တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း – မြင်းခြံလမ်းပိုင်း ပေါ်ရှိ အေးရွာသို့ စစ်သား အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် စစ် သား များသည် ကျောက်ပန်းတောင်း – မြင်းခြံ လမ်းပိုင်းပေါ်ရှိ ခါးပတ်ရွာတွင် အင်အား ၃၀ ခန့်၊ သမုန်းပင်လမ်းခွဲတွင် အင်အား ၃ဝ ခန့်၊ ကျားနေအိုင် လမ်းခွဲအနီးတွင် အင်အား ၃ဝ ခန့်၊ ဆိတ္ထိန်းရွာ လမ်းခွဲ တွင် အင်အား ၃၀ ခန့်ဖြင့် လမ်းတလျှောက် နေရာယူထားခဲ့ကြောင်း သိရသည်။
ထိုနောက် ညနေ ၆ နာရီခန့်တွင် တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်း -မြင်းခြံလမ်းပိုင်း ပေါ်ရှိ ဆိတ္ထိန်းကျေးရွာသို့ ရောက်ရှိနေသော စစ်သား ၃၀ ခန့်သည် အေးရွာဘက်သို့ ကား ၃ စီးဖြင့် ထွက် လာခဲ့သဖြင့် PLA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း စစ်သား ၁၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိကာ စစ်ကား ၃ စီး အနက် ၁ စီးမှာ လမ်းဘေးသို့ ထိုးကျ ပျက်စီးသွားကြောင်း၊ PLA တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၁ ကြိမ်ပဲဖြစ်တာပါ။ အေးရွာမှာ အင်အား ၃၀၀ ခန့် စုဝေးပြီး ကျောက်ပန်းတောင်း – မြင်း ခြံလမ်းပိုင်းတလျှောက် နေရာယူထားတာပါ။ PLA နဲ့ တိုက်ပွဲဖြစ်တာကတော့ ဆိတ္ထိန်းရွာကနေ အေး ရွာဖက်ကို ပြန်ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၃၀ ခန့်ကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးပါဘူး။” ဟု ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် – PLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
လတ်တလော မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် မြို့ပေါ် ဧရိယာများကို စစ်တပ်က အဓိက ထိန်း ချုပ်ထားသော်လည်း မြို့နယ်အတွင်းရှိ ကျေးလက်များတွင် PDF များနှင့် တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း၊ သို့ရာတွင် စစ်ကြောင်းက မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာတိုင်း တိုက်ပွဲများဖြစ် ပွားပြီး ပြည်သူများမှာ တိုက်ပွဲများနှင့် ဝေးရာသို့ စစ်ဘေးရှောင်နေကြရကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။




