26 C
Yangon

စစ်တပ်က ၂ နှစ်ကျော်အတွင်း လူငယ် ၁ သိန်းနီးပါးကို စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခဲ့ပြီး စစ်မြေပြင်သို့ ပို့ဆောင်

Must read

ရန်ကုန်၊ မတ် ၁၅

အကြမ်းဖက် စစ်တပ်က ၂ နှစ်ကျော်အတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ စစ်သားသစ် စုဆောင်းခဲ့သော လူငယ် ၁ သိန်းနီးပါး ရှိလာနေပြီး အများစုကို ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခိုင်းစေနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းကို လစဉ်မပျက်မကွက် ဖွင့်လှစ် လေ့ကျင့်ပေးလျက်ရှိရာ အပတ်စဉ်တစ်ခုလျှင် ပျမ်းမျှ သင်တန်းသားလူငယ် ၄၈၀၀ ဝန်းကျင်ကို အဓမ္မစုဆောင်းရရှိခဲ့ကြောင်း၊ စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးစုဆောင်းရရှိသူတချို့ကိုလည်း အခြေခံတပ်သားသစ်သင်တန်းများသို့ ခွဲဝေပို့ဆောင်လေ့ကျင့်ပေးနေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းဥပဒေကို အသုံးချ၍ တစ်လလျှင် လူငယ် ၅၀၀၀ ကျော်ကို နည်းမျိုးစုံဖြင့် ဖမ်းဆီးစုဆောင်းနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၀ ကို သင်တန်းဆင်းပေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အမှတ်စဉ် (၂၂) ကို လက်ခံဖွင့်လှစ် လေ့ကျင့်ပေးနေကြောင်း သိရှိရသည်။

စစ်တပ်က ၎င်းတို့ စစ်အင်အားနည်းပါလာမှုအပေါ် ကုစားနိုင်ရန် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်မှုထမ်းဥပဒေကို စတင်ပြဌာန်းခဲ့ပြီး လက်ရှိချိန်တွင် သင်တန်းဆင်းလာသည့် လူငယ် ၁ သိန်းနီးပါးထဲတွင် အများစုကို ခြေလျင် တိုက်ခိုက်ရေးတပ်များသို့ ပို့ဆောင်ကာ စစ်မြေပြင်တွင် အသုံးချနေကြောင်း၊ ထိုကြောင့် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းအင်အားများကြောင့် စစ်မျက်နှာပြင်တွေမှာ အင်အားအသာစီးပြန်လည်ရရှိကာ အထောက်ကူဖြစ်နေကြောင်း သိရှိရသည်။

“မတ်လ ၃ ရက်နေ့က သင်တန်းပြီးသွားတဲ့ ပစထ ၂၀ ထိ သင်တန်းဆင်းတပ်သား တစ်သိန်းနီးပါး ရှိတာပါ။အများစု (အားလုံးနီးပါး) က ခြေလျင်တိုက်ခိုက်ရေးတပ်တွေရောက်၊ စစ်မြေပြင် ပို့ဆောင်ခံရပါတယ်။ အချို့ အနည်းငယ်ပဲ လက်ရုံးတပ်ကို ဖြန့်ခွဲပေးတာ ရှိပါတယ်။ စစ်တပ်က စစ်မှုထမ်းတပ်သားတွေကို ကောင်းစွာ အသုံးချနိုင်ခဲ့တယ်လို့ ပြောလို့ ရနိုင်ပါတယ်။ အင်အားဖြန့်ခွဲတာ၊ စစ်မြေပြင်ပို့ဆောင်တာ၊ အဆင့်ဆင့် ကွပ်ကဲထိန်းချုပ် အသုံးချနိုင်တာ အောင်အောင်မြင် လုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ အရင်က အင်အားချိနဲ့နေတဲ့ စစ်တပ်အတွက် စစ်မှုထမ်း(ပစ)တပ်သားတွေနဲ့ အများကြီး ထောက်ကူဖြစ်သွားစေပါတယ်။ ကျနော်တို့ မှတ်တမ်းများအရ (၂၇) ကျောင်းမှာ လက်ခံဖွင့်လှစ်နေပါတယ်။ ပုံမှန်အားဖြင့် လက်ခံဖွင့်ပေးနေတာ သင်တန်းကျောင်း (၂၀) ဝန်းကျင် ဖြစ်ပါတယ်” ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)မှ တာဝန်ရှိသူ ပြောဆိုသည်။

လက်ရှိချိန်တွင် MDSI ၏ မှတ်တမ်းများအရ ပုံမှန်အားဖြင့် စစ်သင်တန်းကျောင်း ၂၀ ဝန်းကျင် လက်ခံဖွင့်လှစ်ရာမှ ယခုအခါတွင် နိုင်ငံတဝှမ်း စစ်သင်တန်းကျောင်း ၂၇ ခု အထိ တိုးချဲ့လက်ခံဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်းဥပဒေကို အသုံးချ၍ လူငယ်ထောင်ပေါင်းများစွာကို ဥပဒေမဲ့ ဖမ်းဆီးစုဆောင်းခဲ့ခြင်းကြောင့် ရှေ့တန်းစစ်မြေပြင်များတွင် လူငယ်အများအပြား ထိခိုက်သေဆုံးနေသည့်အပြင် နိုင်ငံ၏ နေ့စဉ်လူမှုဘဝနှင့် လူငယ်ထု၏ အနာဂတ်မှာလည်း များစွာ ထိခိုက်ပျက်စီးနေရကြောင်း MDSI က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article