36 C
Yangon

ဆင်ပေါင်ဝဲတွင် စစ်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ညောင်ဦးတွင်လည်း စစ်ကြောင်းထိုး မီးရှို့မှုနှင့် ပေါ်တာဆွဲမှုများကြောင့် ပြည်သူများ အတိဒုက္ခရောက်နေ

Must read

ရန်ကုန်၊ မတ် ၁၆

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂ ဦး နေရာတင် သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်အချိန် ဆူးလေကုန်းရွာ၊ စိုင်းစုရွာနှင့် ရှားတိုင်းကြီးရွာကြားရှိ မီးရထားလမ်းဘေး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့သည်။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက “စစ်ခွေး ၂ ဦးကတော့ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာက မျက်မြင်ပါ။ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး” ဟု ပြောဆိုခဲ့သည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သေဆုံးသူနှင့် ဒဏ်ရာရသူများကို ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေဖြင့် လာရောက်သယ် ဆောင်သွားပြီး လက်ရှိတွင် နယ်မြေစိုးမိုးရေးအတွက် တောတောင်များအတွင်း နေရာယူထားဆဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီတပ်သည် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်းနှင့် လူငယ်များကို အရပ်ဝတ်များဖြင့် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များကိုလည်း ပြန်လည်ဆောက်လုပ်ခွင့် မပေးသည့်အတွက် ဒေသခံများမှာ ရွာပြင်၌ ထွက်အိပ်နေရပြီး စားဝတ်နေရေး အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်။

ဒေသခံများ၏ ပြောကြားချက်အရ “ညဘက်ရောက်ရင် ဘယ်အဖွဲ့အစည်းကနေပြီး မိုက်ခွဲသံ၊ သေနတ်သံ၊ ဗုံးများဖောက်တဲ့အသံတွေ ပြုလုပ်နေပါတယ်။ အသံကျယ်လောင်မှုကြောင့် အသက်ကြီးသူတွေနဲ့ ကလေးတွေ အထိတ်တလန့် ဖြစ်နေရပါတယ်” ဟု သိရသည်။

ထို့ပြင် လက်ဝဲရွာအပါအဝင် ကျေးရွာချင်းဆက်လမ်းများနှင့် တောင်သူများ၏ နွားကျောင်းလမ်း၊ ယာခင်းလမ်းများတွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် သွားလာရေး အလွန်အန္တရာယ်ကြီးနေသည်။

မကြာသေးမီက ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှ အလှူခံကား ၁ စီး မိုင်းနင်းမိပေါက်ကွဲခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ကားပေါ်ပါ ကျန်ရှိသူများလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ညောင်ဦးမြို့နယ်မှ ကျေးရွာသူကျေးရွာသားများမှာ စစ်တပ်၊ ပျူစောထီး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၏ အနိုင်ကျင့်မှုနှင့် အိုးမဲ့အိမ်မဲ့ဘဝ ရောက်နေရပြီး ပေါ်တာဆွဲမှုများကြောင့် လူငယ်များမှာလည်း တောတောင်များတွင် အိပ်စက်နေရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြာကျနေသော ပြည်သူလူထု၏ အိုးအိမ်၊ ကျေးရွာများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article