30 C
Yangon

အစိုးရသစ်မပြောင်းမီ ရှမ်းပြည်နယ်စည်ပင်တွင် ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက လာဘ်ပေးလာဘ်ယူလုပ်၍ ၎င်း၏လူယုံများကိုသာ ရာထူးတိုးစေရန် မသမာသောနည်းလမ်းများဖြင့် လုပ်ဆောင်နေ

Must read

ရန်ကုန်၊ မတ် ၁၇

အစိုးရသစ်အပြောင်းအလဲ မပြုလုပ်မီ ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီတွင် ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက အဂတိလိုက်စားမှုများ ကျူးလွန်ကာ ၎င်း၏လူယုံများကိုသာ ရာထူးတိုးရရှိစေရန် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်အသိုင်းအဝိုင်းက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပခဲ့သော ဒုတိယဦးစီးမှူးမှ ဦးစီးအရာရှိအဆင့်သို့ တိုးမြှင့်ခြင်းနှင့် အငယ် တန်းအင်ဂျင်နီယာ-၂ (ငယ်/ယာ-၂) မှ လက်ထောက်အင်ဂျင်နီယာအဆင့်သို့ တိုးမြှင့်ခြင်းဆိုင်ရာ ရာထူးတိုးစာမေးပွဲတွင် ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းသည် တောင်ကြီးစည်ပင်မှ အင်ဂျင်နီယာများကို လူကြီးခရီးစဉ်အကြောင်းပြ၍ ဖြေဆိုချိန် ၁ နာရီသာပေးကာ အခက်အခဲဖြစ်စေခဲ့သော်လည်း၊ ကျန်မြို့နယ်များရှိ ၎င်းနှင့်နီးစပ်သူများကိုမူ အချိန်ပြည့် ဖြေဆိုခွင့်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် စာမေးပွဲဖြေဆိုပြီးနောက် အမှတ်စာရင်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိဘဲ၊ ဖြေဆိုသူများစွာထဲမှ လာဘ်ထိုးထားသူများနှင့် ၎င်း၏လူယုံ ၂၂ ဦးကိုသာ (ဦးစီးအရာရှိအဆင့် ၁၀ ဦးနှင့် လက်ထောက်အင်ဂျင်နီယာအဆင့် ၁၂ ဦး) မတ်လ ၁၃ ရက်နေ့တွင် တိတ်တိတ်လေး ဆက်သွယ်ခေါ်ယူကာ နေပြည်တော်ရှိ ရာထူးဝန်ရုံးသို့ စိတ်အခြေအနေစစ်ဆေးခြင်း စာမေးပွဲဖြေဆိုရန် စေလွှတ်ခဲ့သည်။

စာမေးပွဲရလဒ်ကို ကြေညာခြင်းမရှိဘဲ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ပတ်သက်သူများ၊ လာဘ်ထိုးထားသူ ၂၂ ဦးကိုသာ မတ်လ ၁၃ ရက်နေ့တွင် တိတ်တိတ်လေး ဖုန်းဆက်ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ ရွေးချယ်ခံရသူ ၂၂ ဦးမှာ မတ်လ ၁၆ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၌ စိတ်အခြေအနေစစ်ဆေးခြင်း (Psychological Test) ကို သွားရောက်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

ရှမ်းစည်ပင် ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းသည် ယင်းမသမာမှုများကို ဖုံးကွယ်ရန်အတွက် ရာထူးတိုးစာမေးပွဲတွင် ဖြေဆိုခဲ့သော်လည်း စိတ်အခြေအနေစာမေးပွဲ သွားရောက် ဖြေဆိုခွင့်မရရှိသူများကို “မိမိတို့ကိုယ်တိုင် စိတ်အခြေအနေ စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် ဆန္ဒမရှိ ဆိုသည့် စာရွက်ပေါ်တွင် အတင်းအကျပ် လက်မှတ်ထိုးခိုင်းနေကြောင်း သိရသည်။

“ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက ကလိမ်ကကျစ်နည်းလမ်းတွေနဲ့ ဖြေဆိုသူတွေထဲက သူ့လူ ၂၂ ယောက်ကိုပဲ ရွေးပြီး ရာထူးတိုးပေးဖို့ ကြိုးစားနေတာပါ။ အခုဆိုရင် ကျန်တဲ့စာမေးပွဲ ဖြေဆိုသူတွေကို ကိုယ့်ဆန္ဒနဲ့ ကိုယ် နေပြည်တော်မှာ ရာထူးတိုး စိတ်အခြေအနေ စာမေးပွဲ သွားမဖြေတာပါဆိုတဲ့ စာတွေကို လက်မှတ်ထိုးခိုင်းနေတယ်။ သူ့ကိုယ်စား ဒု-ညွှန်ကြားရေးမှူး ဦးနေလင်းကနေတစ်ဆင့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား လက်မှတ်မထိုးရင် ဝန်ထမ်းစည်းကမ်းအရ အရေးယူမယ်ဆိုပြီး မြို့နယ်အသီးသီးက ကျန်တဲ့ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်နေတယ်” ဟု နစ်နာသူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်စည်ပင်အတွင်းရှိ ဝန်ထမ်းများက ယင်းအဂတိလိုက်စားမှုများကို စစ်ဆေးဖော်ထုတ်ပေးရန်နှင့် ရာထူးတိုးစာမေးပွဲအား တရားမျှတစွာ ပြန်လည်ဖြေဆိုခွင့်ရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

နစ်နာသော ဝန်ထမ်းများက ရှမ်းစည်ပင်ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်း၏ မရိုးသားသော လုပ်ဆောင်ချက်များကို စစ်ဆေးအရေးယူပေးရန်၊ မတရားဖိအားပေး လက်မှတ်ထိုးခိုင်းခြင်းများကို ချက်ချင်းရပ်တန့်ပေးရန်၊ ရာထူးတိုးဖြေဆိုထားသည့် အမှတ်စာရင်းများကို ထုတ်ပြန်ပေးရန် သို့မဟုတ် စာမေးပွဲကို အစမှပြန်လည်၍ တရားမျှတစွာ ဖြေဆိုစေရန် တောင်းဆိုကြသည်။

ရှမ်းစည်ပင်ညွှန်ကြားရေးမှူး စိုင်းထွန်းထွန်းက ၎င်း၏ လူယုံများသာ ရာထူးတိုးမှုအတွက် ၎င်းကျူးလွန်ခဲ့သော မသမာမှုများနှင့်အကျင့်ပျက်ခြစားမှုကို ဖုံးကွယ်နိုင်ရန် မတ်လ ၁၈ ရက်နေ့ ရှင်းလင်းပွဲ အစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article