ရန်ကုန်၊ မတ် ၁၇
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တော်လှန်ရေး ရေချိန် အမြင့်ဆုံးကာလတွင် အချင်းချင်း နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းသည်။
ယမန်နေ့ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေးသို့ အမျိုးသားညီ ညွတ်ရေးအစိုးရ -NUGဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက် မိန့်ခွန်းပြောဆိုစဉ် ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
လက်ရှိသည် တော်လှန်ရေး၏ အရေးကြီးဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ရာ အချင်းချင်းကြား နားလည်မှုရှိစွာဖြင့် အတူတူ ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း ၊ ထို့အပြင် အကြမ်း ဖက်စစ်အုပ်စုက အင်အားစုများအကြား စုဖွဲ့မှုပြိုကွဲစေရန် အချိန်ကိုက် ဖန်တီးလာနိုင်သည့် အဖျက်အမှောင့် လုပ်ငန်းများကို သတိကြီးကြီးဖြင့် ကျော်လွှားကြရန်လည်း ၎င်းက သတိပေးသည်။
စစ်အာဏာသိမ်းကာလအစမှစ၍ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်ရှိနေသေးသော အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပိုမိုအာရုံစိုက် ဆောင်ရွက်သွားကြရန်လည်း သူက တိုက်တွန်းပြောဆိုသည်။
နွေဦးတော်လှန်ရေးသည် မြန်မာ့သမိုင်းတစ်လျှောက် စုစည်းမှုနှင့် ဇွဲအတန်းအစား အမြင့်မားဆုံးဖြစ်သလို စစ်အုပ်စုအတွက်လည်း ထိခိုက်ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ် အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်အတွက် ပြည်သူလူထု၏ နောက်ဆုံးတိုက်ပွဲဖြစ်သဖြင့် အရင်းအနှီးကြီးမားကြောင်း ၎င်းက ပြောကြားသည်။
စစ်အုပ်စု၏ ရက်စက်သော ဖိနှိပ်မှုများ၊ စီးပွားရေးအကြပ်အတည်းနှင့် အခက်အခဲမျိုးစုံကြားမှ တော် လှန်ရေးအတွက် နိုင်ရာဝန်ထမ်းကာ တောင့်ခံပေးနေသည့် ပြည်သူများကို အမြဲသတိမူရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြသည်။
ထို့ကြောင့် ပြည်သူများ စနစ်ဆိုးအောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ယခင်ကထက် ပိုမိုအားစိုက်ထုတ် ဆောင်ရွက်ပေးကြရန် သူက သတိပေးတိုက်တွန်းသွားသည်။




