ရန်ကုန်၊ မတ် ၁၈
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဝင်ရောက် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဆေးရိုးခင်အထိုင်တပ်နှင့် ပူးပေါင်းတပ်များ စုဖွဲ့ထားသော စစ်ကြောင်းသည် ဇရပ်ခင်ရွာ၊ နံဇလေးရွာနှင့် သဲဖြူရွာတို့ကို စစ်ကြောင်းထိုး၀င်ရောက်လာစဉ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သည့် ဇရပ်ခင်ရွာမှ မိသားစုဝင် ၃ ဦးကို စစ်သားများက ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း အသက် ၂ နှစ်အရွယ် ကလေးငယ် ဖိုးသောက်ကြာ မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မိဘဖြစ်သူ အသက် ၃၂ နှစ်အရွယ် ရဲမင်းနိုင် နှင့် အသက် ၃၄ နှစ်အရွယ် မလေးခင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် သဲဖြူရွာသစ်၊ ရွှေတဲစု၊ ပေါက်ကုန်း၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်၊ နံဇလေး၊ ရွာသာယာနှင့် သစ်တဲကျေးရွာ တို့မှ ပြည်သူ ၁၇၄၃ ဦးသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် နှင့် ဒွယ်လိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၇ မိနစ်ခန့်တွင် ဘူးသိုမြို့နယ်၊ နီဒိုထကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ခရစ်ယာန်သမ္မာကျမ်းစာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂၁ လုံး ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဒွယ်လိုးမြို့နယ်၊ မာလေးလာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ငွေကျပ် သိန်း ၆၀၀ တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများ အပါအဝင် ကား ၂ စီးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒွယ်လိုးမြို့နယ် မာလေ့လာကျေးရွာအုပ်စုအတွင်းရှိ ထာလားခိုဒေသကို အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။







