27 C
Yangon

မန္တလေးတိုင်းတွင် PDF ၅၀၀ ကျော် လက်နက်ချသည်ဟုဆိုကာ စစ်တပ်က ယနေ့ လိမ်လည်ဝါဒဖြန့် ရန် စီစဉ်ထား၊ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် လစဉ် PDF များ အလင်းဝင်နေသည်ဆိုသော အခမ်းအနားများ ပြုလုပ်ရန် စစ်တပ်အတွင်း ညွှန်ကြား

Must read

ရန်ကုန်၊ မတ် ၁၉

မန္တလေးတိုင်းတွင် အကြမ်းဖက်စစ်တပ်က PDF ၅၀၀ ကျော် လက်နက်ချသည်ဟုဆိုကာ လိမ်လည် ဝါဒဖြန့်ရန်စီစဉ်နေကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ယနေ့ မတ်လ ၁၉ ရက်နေ့ မန္တလေးမြို့တွင် အကြမ်းဖက်စစ်တပ်က ယခင် လက်နက်ချသွားသည့် ဗိုလ်နဂါးအဖွဲ့နှင့် ဆက်စပ်နေသူများ၊ ဗိုလ်နဂါးကိုထောက်ခံသော ကျေးရွာတချို့ လူငယ်များ၊ ယခင် လက်နက်ချထားပြီးသူများ၊ ယခင်အလင်းဝင်သည်ဟုဆိုကာ ဘက်ပြောင်းခဲ့သူများ အပါအဝင် စုစုပေါင်း PDF ၅၀၀ ကျော် အလင်းဝင်သည်ဆိုဟုကာ လုပ်ကြံဝါဒဖြန့် ရန် စီစဉ်ထားကြောင်း သိရှိရသည်။

“ရှေ့က ဖမ်းမိတဲ့ ရဲဘော်တွေ၊ လက်နက်ချသွားတဲ့ ရဲဘော်တွေက ဖုန်းတွေနဲ့လိုက်ဆက်ပြီး အလင်းဝင်မလား၊ လက်နက်ချရင် ဘာမှ မလုပ်ဘူးဆိုပြီး လိုက်ပြီး စည်းရုံးတာရှိတယ်။ နောက်ပြီး PDF စိုးမိုးထားတဲ့ နယ်မြေတွေက ရွာသူရွာသား လူငယ်တွေကိုလည်း လာပြီး ပူးပေါင်းဖို့ ခေါ်နေတာတွေရှိတယ်” ဟု မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။

စစ်ဘက်သတင်းရင်းမြစ်တစ်ခုကမူ စစ်တပ်က ဒီမိုကရေစီ အရပ်သားအစိုးရပုံစံ ဖွဲ့စည်းပြောင်းလဲချိန်တွင် PDF များ ၅၀၀ ကျော် အလင်းဝင်သည်ဟုဆိုကာ အခမ်းအနားပွဲ ကျင်းပရန် ဖေဖော်ဝါရီလကတည်းက စီစဉ်ခဲ့ပြီး ယင်းကဲ့သို့ အလင်းဝင်သည့်ပွဲများကို လာမည့် ဧပြီလ အစိုးရသစ်ဖွဲ့စည်းချိန်၊ လစဉ် အလင်းဝင်သည့် အခမ်းအနားများကို ဝါဒဖြန့် လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ထုတ်ဖော်ပြောဆိုသည်။

“အခု လစဉ် အလင်းဝင် အခမ်းအနားတွေကို ရတဲ့ပုံစံမျိုးစုံနဲ့ လစဉ် လုပ်ဖို့ ညွှန်ကြားထားတာရှိတယ်။ အလင်းဝင်ဖို့ လိုက်လံ စည်းရုံးမှုတွေလည်း လုပ်ဖို့ အမိန့်ညွှန်ကြားချက်ရှိပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အလင်းဝင် အခမ်းအနားများကို ကျင်းပနေသော်လည်း ယင်းအလင်းဝင် အခမ်းအနားတွင် ပါဝင်သူများမှာ စစ်တပ်က ခေါ်ယူထားသည့် သူများ၊ ယခင် ဘက်ပြောင်းသွားသူများ၊ PDF စိုးမိုးသော ဒေသများမှ ရွာသူရွာသားများကို ခေါ်ယူ တက်ခိုင်းခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်နက်ချ ပူးပေါင်း တော်လှန်ရေးရဲဘော် ၁ ဦးစ၊ ၂ ဦးစသာ ပါဝင်ကြောင်း စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article