ရန်ကုန်၊ မတ် ၂၀
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဟားခါးမြို့ပေါ် ချင်းဦးစီးရပ်ကွက်ရှိ အကြမ်းဖက် ပြည်နယ် လွှတ်တော် အဆောက်အဦးတွင် လွှတ်တော်အစည်းအဝေး ကျင်းပရန် ပြုလုပ်နေစဉ် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား အများအပြား ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဟားခါးမြို့ပေါ်မှာ ဒီနေ့ စစ်ခွေးတွေရဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပဖို့ ပြုလုပ်နေတုန်း ပစ်ခတ်မှုဖြစ်တာလို့ သိရတယ်။ ပေါက်ကွဲသံတွေလည်း ထွက်ပေါ်ခဲ့တယ်။ အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့နောက် အကြမ်းဖက် စစ်တပ်က အင်အားအများအပြားဖြင့် လွှတ်တော် အဆောက်အဦးကို လုံခြုံရေးချကာ ယနေ့ နံနက် ၁၀ နာရီခန့်တွင် လွှတ်တော် အစည်အဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း၊ ယင်း အစည်းအဝေးတွင် ဟားခါးမြို့နယ် မဲန္ဒနယ်အမှတ် ၁ မှ ဒေါက်တာဝုန်ဆွန်းထန်ကို သဘာပတိအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကောလ်လျန်ထန်းကို ချင်းပြည်နယ် အကြမ်းဖက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ထန်တလန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ သန့်စင်ဦးကို ထပ်မံ တင်မြှောက်ခဲ့ကြောင်း သိရသည်။




