ရန်ကုန်၊ မတ် ၂၂
အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်အုပ်စုတစ်ခုတည်းအတွက် ၃ လအတွင်း လေယာဉ်ဆီ ဂါလံ ၂ သန်းနီးပါး အသုံးပြု၍ ပြည်သူများကို ဗုံးကျဲသတ်ဖြတ်ခဲ့ပြီး လေယာဉ်ဆီအတွက်ကုန်ကျစရိတ်မှာ မြန်မာငွေ သိန်းပေါင်း သောင်းချီရှိနေတယ်လို့ သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ဖို့အတွက် တိုက်လေယာဉ်အုပ်စုတစ်ခုတည်းက ၃ လတာကာလအတွင်းမှာတင် လေယာဉ်ဆီ ဂါလံပေါင်း ၁ ဒသမ ၉ သန်းကျော်အထိ အသုံးပြုခဲ့ပါတယ်။
ဒီလောက်များပြားတဲ့ ဆီပမာဏအတွက် ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄ သန်းကျော် (မြန်မာငွေ သိန်းပေါင်း သောင်းနှင့်ချီ၍) ရှိနေကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ရဲ့ လေ့လာချက်တွေအရ သိရပါတယ်။
စစ်ကောင်စီအသုံးပြုနေတဲ့ တိုက်လေယာဉ်တွေထဲမှာ ရုရှားထုတ် Su-30 အမျိုးအစားဟာ ဆီစားအများ ဆုံးဖြစ်ပြီး တစ်နာရီပျံသန်းရင် ဆီဂါလံ ၁,၅၀၀ အထိ ကုန်ကျပါတယ်။ အခြားသော တိုက် လေယာဉ်တွေဖြစ်တဲ့ MiG-29 က တစ်နာရီကို ဆီဂါလံ ၉၀၀၊ JF-17 နဲ့ F-7 လေယာဉ်တွေကတော့ တစ်နာရီကို ဆီဂါလံ ၆၀၀ စီ အသီးသီး အသုံးပြုနေရတာပါ။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းတွေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် Su-30 တိုက်လေယာဉ်တစ်စင်း တစ်နာရီပျံသန်းဖို့အတွက် အမေရိကန်ဒေါ်လာ ၃,၂၂၅ ကုန်ကျတာကြောင့် ဆီဖိုးသက်သက်တင် မြန်မာငွေ သိန်း ၁၀၀ ကျော် ကုန်ကျနေပါတယ်။
ဒီကုန်ကျစရိတ်တွေဟာ လေယာဉ်ဆီတစ်မျိုးတည်းအတွက်သာ ဖြစ်ပြီး၊ လေယာဉ်မှာ တပ်ဆင်တဲ့ ဗုံးတွေ၊ ကျည်ဆန်တွေနဲ့ လေယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်တွေ ပါဝင်ခြင်း မရှိသေးပါဘူး။
၂၀၂၅ ခုနှစ်၊ ဇွန်လလယ်ကနေ စက်တင်ဘာလလယ်အထိ ၃ လတာကာလအတွင်းမှာ စစ်ကောင်စီဟာ တိုက်လေယာဉ်အုပ်စု တစ်ခုတည်းအတွက်တင် လေယာဉ်ဆီ ဂါလံပေါင်း ၁၉ သိန်းကျော် (၁,၉၃၅,၀၈၆ ဂါလံ) ကို အသုံးပြုခဲ့ပါတယ်။ ဒီအတွက် ကုန်ကျငွေဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော် အထိ ရှိခဲ့ပါတယ်။
အခုလို များပြားလှတဲ့ အသုံးစရိတ်တွေကို ပြည်သူ့ဘဏ္ဍာငွေတွေထဲကနေ ထုတ်ယူသုံးစွဲပြီး ပြည်သူတွေကိုပဲ လေကြောင်းကနေ ပြန်လည်ဗုံးကြဲသတ် ဖြတ်နေတဲ့အတွက် ဒီလုပ်ရပ်အပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။




