ရန်ကုန်၊ မတ် ၂၂
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အီရန်နိုင်ငံက ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်လိုက်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်နေဦးမှာ ဖြစ်တယ်လို့ စွမ်းအင်ကျွမ်းကျင်သူ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
Rapidan Energy Group ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ် လက်ထက်က အိမ်ဖြူတော် စွမ်းအင်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သူ ဘော့ပ်မက်နယ်လီ (Bob McNally) က လက်ရှိအခြေအနေဟာ ကမ္ဘာ့စတော့ရှယ်ယာ ဈေးကွက်တွေကိုပါ ရိုက်ခတ်နေပြီး စီးပွားရေးတစ်ခုလုံးအတွက် “အလွန်စိုးရိမ်ရတဲ့ အခြေအနေ” (Five-alarm fire) ကို ရောက်ရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အီရန်ကို စတင်တိုက်ခိုက်ခဲ့စဉ်ကတည်းက ရေနံဈေးနှုန်းတွေ အခုလို အရှိန်အဟုန်နဲ့ မြင့်တက်လာမယ်ဆိုတာကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်တယ်လို့ မက်နယ်လီက ဆိုပါတယ်။
“ဒါပေမဲ့ အခြေအနေတွေ ဘယ်လောက်အထိ ဆိုးရွားသွားမလဲဆိုတာကိုတော့ သူနဲ့ သူ့အဖွဲ့သားတွေ သေချာပေါက် သိပါ့မလားဆိုတာ ကျွန်တော် မသေချာဘူး။ ရေနံဈေးနှုန်းတွေ အခုလို မြန်မြန်ဆန်ဆန် တက်လာပြီဆိုရင် စိုက်ပျိုးရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍနဲ့ စတော့ဈေးကွက်တွေကိုပါ ဆက်တိုက် ရိုက်ခတ်လာတော့တာပဲ” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့ သဘာဝဓာတ်ငွေ့မြေတစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ဘက်ကလည်း ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ရေနံနဲ့ ဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ရေနံဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ကုန်ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
မက်နယ်လီရဲ့ အဆိုအရ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ထားသရွေ့နဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နေသရွေ့ ရေနံဈေးနှုန်း မြင့်တက်မှုဟာ အခုထက်ပိုပြီး ဆိုးရွားလာနိုင်တယ်လို့ သိရပါတယ်။
သမ္မတထရမ့်အနေနဲ့ ဈေးနှုန်းတွေ ပြန်ကျဖို့အတွက် အရန်ရေနံတွေ ထုတ်သုံးတာမျိုးနဲ့ တခြားနည်းလမ်းမျိုးစုံကို အသုံးပြုနေပေမယ့် ဒါဟာ ထိရောက်မှု အနည်းငယ်သာ ရှိမှာဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို စစ်ရေးအရ ပြန်ဖွင့်နိုင်မှသာ အဆင်ပြေမှာဖြစ်တယ်လို့ သူက ထောက်ပြထားပါတယ်။
“ရေလက်ကြား ပြန်ပွင့်လာရင်တော့ ဈေးနှုန်းတွေ အနည်းငယ် ပြန်ကျနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ဈေးကျတာကလည်း ကောင်းတဲ့ အကြောင်းရင်းကြောင့်တော့ မဟုတ်ဘူး။ စီးပွားရေး ထိခိုက်ပျက်စီးသွားလို့ ဈေးကျတာမျိုးပဲ ဖြစ်နိုင်တယ်။ စီးပွားရေး နှေးကွေးသွားမယ်၊ လေကြောင်းလိုင်းတွေ ရပ်နားရမယ်ဆိုရင် ရေနံဝယ်လိုအား ကျဆင်းသွားပြီး ဈေးနှုန်းတွေ ပြန်ကျလာမှာပါ။ ဒါပေမဲ့ ဒါဟာ ဝမ်းသာစရာ ဈေးကျတာမျိုး မဟုတ်ပါဘူး” လို့ မက်နယ်လီက သတိပေးပြောကြားသွားခဲ့ပါတယ်။
လက်ရှိ နေရနံစျေးကွက်မှာ WTI ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၂၃ ဒေါ်လာနဲ့ ကမ္ဘာ့Brentရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၂ ဒသမ ၂ ဒေါ်လာ စျေးပေါက်နေပြီး စျေးနှုန်းတွေကို အမြင့်ပိုင်းကိုသာ ဆက်လက်ဦးတည် မြင့်တက်နေပါတယ်။




