35 C
Yangon

စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားပြီး ပြည်သူများ၏ယာဉ်များကို တစ်ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ ဆီရောင်းပေးတော့မည်

Must read

ရန်ကုန်၊ မတ် ၂၃

မြန်မာနိုင်ငံတစ်ဝန်းတွင် စက်သုံးဆီပြဿနာ ကြုံတွေ့နေရချိန် စက်သုံးဆီအရောင်းဆိုင်တိုင်းတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလိုက်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းထံမှ သိရှိရသည်။

စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီတင်သွင်းသူများနှင့် ဖြန့်ဖြူးရောင်းချရေးအသင်းများက အပတ်စဉ် စက်သုံးဆီခွဲတမ်း PO များ ချထားပေးကြောင်း၊ ယခုကဲ့သို့ စက်သုံးဆီရှားပါးမှုနှင့် ပြတ်လပ်မှုများ ကြုံတွေ့လာချိန် ဆီအရောင်းဆိုင်များအားလုံးတွင် ရဲ၊ စစ်တပ်နှင့် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပေါ်ဆီများ ထားရှိရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဒါက အရင်ကတည်းက တပ်မတော်၊ ရဲနဲ့ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် အရန်ဆီသဘောမျိုး ဆီဆိုင်တိုင်းမှာ ထားခိုင်းတာ။ အခုက အရင်ညွှန်ကြားချက်ကို ပြန်ပြီး လိုက်နာဖို့ ထပ်ပြောလာတာ။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို လာဝယ်ရင် ရောင်းပေးရတယ်။ ငြင်းလို့မရဘူး။ လိုသလောက် ပေးဝယ်ရတယ်” ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

လတ်တလော စက်သုံးဆီပြတ်လပ်မှု အခြေအနေမှာ ပိုမိုဆိုးဝါးလာနေချိန်တွင် စစ်တပ်က ပြည်သူများ၏ ကားများကို တစ်ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ အင်ဂျင်ပါဝါအလိုက် ဆီဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည်။

စစ်တပ်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ အခက်အခဲ မရှိစေရန် စောင့်ကြည့်ကြပ်မတ်နေသည်ဟု ဆိုကာ ပြည်သူများအတွက် ဆီရောင်းချပေးမှုကို ကန့်သတ်မည့် အစီအစဉ်သစ်တစ်ခုကို ယမန်နေ့ညပိုင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်အရ မတ်လ ၁၂ ရက်နေ့မှစ၍ အသုံးပြုခဲ့သည့် Bar Code နှင့် QR Code စနစ်ကို အခြေခံကာ လာမည့်ရက်သတ္တပတ်မှစ၍ ကန့်သတ်ချက်များ စတင်တော့မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်သစ်တွင် ယာဉ်များ၏ အင်ဂျင်ပါဝါ (စက်စွမ်းအား) အပေါ် မူတည်၍ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်သွားမည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) အများဆုံး နှစ်ကြိမ်သာ စက်သုံးဆီကို ခွဲဝေဝယ်ယူခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် စက်သုံးဆီ ဖူလုံမှု ရက် ၅၀ စာ ရှိနေကြောင်းနှင့် အခြားလမ်းကြောင်းများမှ တင်သွင်းရန် ချိတ်ဆက်ထားသည်ဟု ဆိုသော်လည်း၊ မြေပြင်တွင်မူ ဆီဆိုင်များကို တင်းကျပ်စွာ စစ်ဆေးနေပြီး ညွှန်ကြားချက်မလိုက်နာသည့် ဆိုင်အချို့ကိုလည်း ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းမှုများ ပြုလုပ်နေကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံများ- နယ်မြို့ကြီးများတွင် စစ်တပ်နှင့်ရဲများက စက်သုံးဆီအရောင်းဆိုင်များကို လိုက်လံ စစ်ဆေးမှု၊ ဆီတန်းစီမှုများနှင့် ဆီမရောင်းနိုင်တော့သည့် ကြေညာချက်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article