ရန်ကုန်၊ မတ် ၂၃
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ အနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်မှ စစ်ကြောင်းထွက်လာသော ဆိုင်ကယ် ၁၂ စီးပါ စစ်တပ်စစ်ကြောင်းကို ဘဲအင်းလမ်းဆုံတွင် တော် လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦး သေဆုံး၊ ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ၊ စစ်သုံးဆက်စပ်ပစ္စည်းများနှင့် ဖုန်း ၃ လုံးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေကို အဓိကတော့ မှာချင်တာကတော့ ရန်သူ လေကြောင်းနဲ့ လက်နက်ကြီးတွေကို ဂရုစိုက်ကြပါလို့ပဲ မှာချင်ပါတယ် ၊သူတို့က အထိနာရင် ပြည်သူ့ ရွာတွေကိုပဲ ပစ်ခတ်ကြလို့ပါ” ဟု ပဲခူးရိုးမ PDF – ဗျူဟာ ၂၂ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇီးကုန်းမြို့နယ်မှ ရဲများ၊ စစ်သားများနှင့် ပျူစောထီးများပါသော စစ်ယာဉ်တန်းမှာ ဘဲအင်းကျေးရွာနှင့် စိန်ဘုံသာကျေးရွာအနီးရှိ လောင်းကစား၀ိုင်းများသို့ ဆက်ကြေး လာကောက်ကြခြင်းဖြစ်ပြီး တော် လှန်ရေးတပ်များ၏ တိုက်ခိုက်မှုအတွင်း ဇီးကုန်းမြို့နယ်၊ မြို့မခရဲစခန်းမှ နယ်ထိန်းရဲခေါင်းဆောင် ရဲတပ်ကြပ် သက်မောင်မောင်၊ နာမည်ဆိုးဖြင့် ဆိုးသွမ်းနေသော ပျူစောထီးခေါင်းဆောင် ရဲမင်းအောင် တို့ပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ နယ်ထိန်းရဲ ခေါင်းဆောင် သက်သက်မောင်မောင်မှာ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်နေသော ရဲဆိုးတစ်ဦးဖြစ်ပြီး ရဲစခန်းတွင် နိုင်ငံရေးအမှုနှင့်ပတ်သက်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်နေစဥ်အတွင်း စစ်တပ်မှ စစ်ကူလာသော ကား ၃ စီးကိုလည်း ဇီးကုန်းမြို့နှင့် ၁ မိုင်ခန့်အကွာ ရှိ မယင်းကုန်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ နှစ်နေရာခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှူအောက်ရှိ ၊ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း တပ်ခွဲ ၄ UGF Okpo နှင့် တပ်ခွဲ ၅ BTZM တို့ က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





