ရန်ကုန်၊ မတ် ၂၃
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ယ်တွင် NLD မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ ဒေါ်တင်တင်နုကို ပျူစောထီးများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများနှင့် NLD ပါတီဝင်တချို့ထံမှ သိရှိရသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီ အချိန် ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌ အသက် ၅၄ နှစ် အရွယ် ဒေါ်တင်တင်နု ကို ၎င်း၏နေအိမ် သဲကုန်းရပ်ကွက်တွင် လက်နက်ကိုင်ဆောင်ထားသော ပျူစောထီးတချို့က လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒေါ်တင်တင်နု သည် ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးချယ်ခံရသည့် ကြို့ပင်ကောက်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပဲခူးတိုင်းတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်ထွဋ် ၏ ဇနီးဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဒေါ်တင်တင်နုကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သော်လည်း ကံကောင်းစွာဖြင့် လွတ် မြောက်ခဲ့ကြောင်း သိရှိရသည်။
“သူက အရင်တစ်ခေါက် အပစ်ခံရတော့ ရှောင်နေတာ။ ကြို့ပင်ကောက်မှာက ပျူတွေက မကြာခဏ အသတ်ခံနေရတော့ ပြန်ပြီး လက်တုံ့ပြန်တဲ့သဘောလို့ ပြောလို့ရတယ်။ ” ဟု ကြို့ပင်ကောက်မြို့နယ် NLD ပါတီမှ ရပ်/ကျေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT) က ထုတ်ပြန်သည့် အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့အထိ ပြည်သူ ၅,၆၆၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ပါတီဝင် ၁၁၀ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ် ၅၁၈ ဦးနှင့် အမျိုးသမီး ၁,၀၂၅ ဦးတို့ ပါဝင်ကြောင်း သိရှိရသည်။




