ရန်ကုန်၊ မတ် ၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ သောင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသပြည်သူ ၄ ဦး သေဆုံးကာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မတ်လ ၂၃ ရက်နေ့တွင် တံတားဦးလေတပ်စခန်းမှ တက်လာသော A-5 Bomber ဂျက်ဖိုက်တာ ၁ စီးဖြင့် သောင်းကြီးကျေးရွာအတွင်းသို့ ဦးတည်ကာ ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အတည်ပြုနိုင်သမျှ ပြည်သူ ၄ ဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေသည့်အပြင် လူပျောက်ဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။
ဒေသပြည်သူတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမျိုး လုံးဝမရှိဘဲနဲ့ လေကြောင်းကနေ လာတိုက်သွားတာပါ။ လက်ရှိမှာတော့ ရွာသား ၄ ဦး သေဆုံးတာ အတည်ပြုလို့ရသေးတယ်။ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိ စုံစမ်းနေတုန်းပဲ။ လူပျောက်နေတာတွေလည်း ရှိနေတော့ သေဆုံးသူအရေအတွက်က ဒီထက်ပိုတိုးလာနိုင်ပါတယ်။ ဗုံးကျဲသွားလို့ မီးလောင်တာကတော့ ရွာတစ်ခြမ်းလောက် ပါသွားပြီ။ အခုထိ မီးငြှိမ်းသတ်ရင်း ရှာဖွေရေးတွေ လုပ်နေကြတုန်းပဲ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သောင်းကြီးကျေးရွာရှိ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် မြောင်မြို့နယ်အတွင်းရှိ နဘက်စံပြကျေးရွာကို ၂ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သဖြင့် မြောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်မှာ ပိုမိုစိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရသည်







