ရန်ကုန်၊ မတ် ၂၄
မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေရှာပေးနေသည့် လုပ်ငန်းများရပ်တန့်ရန် ဂျပန်ဘဏ္ဍာရေးကုမ္ပဏီများကို ဂျပန်နှင့်မြန်မာ အရပ်ဘက်အဖွဲ့အစည်း ၇ ခုက တိုက်တွန်းတောင်းဆိုသည်။
ဂျပန်ဘဏ္ဍာရေးကဏ္ဍမှ ထိပ်သီးကုမ္ပဏီကြီးများဖြစ်ကြသည့် Daiwa Institute of Research (DIR) နှင့် Japan Exchange Group (JPX) တို့သည် မြန်မာစစ်အုပ်စုအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသည့် ငွေကြေးစီးဆင်းမှုများကို ကူညီပံ့ပိုးပေးနေခြင်းအပေါ် ရပ်တန့်ရန် Justice For Myanmar နှင့်အတူ ဂျပန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၇ ခုဖြစ်သော Mekong Watch၊ ayus:Network of Buddhists Volunteers on International Cooperation၊ Friends of the Earth Japan၊ Japan International Volunteer Center (JVC)၊ Network Against Japan Arms Trade (NAJAT)၊ Pacific Asia Resource Center (PARC) တို့အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၇ ခုက ပူးပေါင်းတိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။
ယင်းကုမ္ပဏီများသည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင်နေပြီး ငွေတိုက်စာချုပ်များအတွက် အကျိုးဆောင်ပေးခြင်းနှင့် စစ်တပ်ဆက်နွှယ်ကုမ္ပဏီများကို စတော့ရှယ်ယာဈေးကွက်တွင် စာရင်းသွင်းပေးခြင်းတို့ဖြင့် စစ်တပ်အတွက် ရန်ပုံငွေရှာဖွေပေးနေကြောင်း အဆိုပါအဖွဲ့များက ထောက်ပြထားသည်။
DIR ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်ကတည်းက စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် ပူးပေါင်းကာ မြန်မာငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးစင်တာ (MSEC) ကို တည်ထောင်ခဲ့သည်။ အဆိုပါ MSEC သည် စစ်အုပ်စုက တရားမဝင်ထုတ်ဝေသော ငွေတိုက်စာချုပ်များကို ရောင်းဝယ်ပေးခြင်းဖြင့် စစ်တပ်အတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည်။
ထို့အပြင် ရန်ကုန်စတော့အိပ်ချိန်း (YSX) သည်လည်း ဂျပန်နိုင်ငံ၏ အစိုးရ-ပုဂ္ဂလိက “All Japan” အစီအစဉ်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ထက်တိုင် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးများ (MEHL, MEC) နှင့် ဆက်နွှယ်နေသည့် ခရိုနီကုမ္ပဏီများကို စတော့ဈေးကွက်တွင် စာရင်းသွင်းကာ ရန်ပုံငွေရှာဖွေခွင့် ပေးထားသည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ Yuka Kiguchi က ဂျပန်ကုမ္ပဏီများနှင့် အစိုးရ၏ တာဝန်ယူမှုအပေါ် “JPX နဲ့ DIR နှစ်ဖွဲ့လုံးက လူ့အခွင့်အရေးစံနှုန်းတွေကို စောင့်ထိန်းလိုက်နာပါတယ်လို့ ပြောဆိုနေကြပေမဲ့၊ သူတို့လုပ်ဆောင်ခဲ့တဲ့ လူ့အခွင့်အရေးစိစစ်မှုတွေ့ရှိချက်တွေကို ထုတ်ပြန်တာမရှိတဲ့အတွက် သူတို့ကတိကဝတ်တွေရဲ့ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။ ဂျပန်ကုမ္ပဏီတွေနဲ့ အစိုးရအနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုအတွက် ဘဏ္ဍာငွေရှာဖွေရေးတွေမှာ ဘယ်လိုပုံစံနဲ့မှ ပါဝင်ပတ်သက်တာမျိုး မပြုလုပ်သင့်ပါဘူး။”
ကုလသမဂ္ဂ ကျွမ်းကျင်သူများက မြန်မာ့စီးပွားရေးဘဏ် (MEB) အပါအဝင် စစ်အုပ်စုလက်အောက်ခံ ဘဏ်များနှင့် ဆက်ဆံရေးဖြတ်တောက်ရန် အတိအလင်း အကြံပြုထားသော်လည်း ဂျပန်ကုမ္ပဏီများက လိုက်နာခြင်းမရှိသေးပေ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် အရပ်ဘက်အဖွဲ့အစည်းများက DIR နှင့် JPX ထံ စာရေးသားမေးမြန်းခဲ့သော်လည်း ခိုင်လုံသော အဖြေတစ်စုံတစ်ရာ ပြန်လည်ရရှိခြင်း မရှိခဲ့ဟု ဆိုသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “နိုင်ငံတဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးခံရခြင်းကင်းလွတ်စွာ ကျူးလွန်နေတဲ့ စစ်အုပ်စုအတွက် အကျိုးဖြစ်စေမယ့် ငွေကြေးစီးဆင်းမှုတွေကို ဂျပန်ကုမ္ပဏီတွေက ကူညီပေးနေတာဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိပါဘူး။ စစ်အုပ်စုထံ ဘဏ္ဍာငွေစီးဆင်းမှုနဲ့ ဘဏ္ဍာရေးကဏ္ဍပံ့ပိုးမှုတွေ ရပ်တန့်နိုင်ရေး အရေးယူဆောင်ရွက်မှုတွေကို အခုချက်ချင်းပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။
လက်ရှိတွင် ဂျပန်နိုင်ငံ၏ ODA အကူအညီများဖြင့် တည်ထောင်ထားသည့် မြန်မာ့ဘဏ္ဍာရေးကဏ္ဍသည် စစ်အုပ်စုအတွက် လက်နက်ဝယ်ယူရန်နှင့် အာဏာတည်မြဲရန် အဓိကထောက်တိုင် ဖြစ်နေသည်။ ထို့ကြောင့် ဂျပန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းရန်နှင့် စစ်တပ်နှင့် ပတ်သက်နေသည့် လုပ်ငန်းများကို အမြန်ဆုံး အဆုံးသတ်ရန် အရပ်ဘက်အဖွဲ့အစည်းများက ဝိုင်းဝန်းဖိအားပေးလျက် ရှိသည်။




