ရန်ကုန်၊ မတ် ၂၆
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာမှ စစ်သား ၂ ဦးနှင့် စစ်မှုထမ်းတပ်သား ၁ ဦးသည် သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုနှင်းဂွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၈ ရက်နှင့် ၂၀ ရက်နေ့တို့တွင် မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာမှ စစ်သား ၂ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၃ လက်ယူဆောင်လာ၍ ပခုက္ကူမြို့နယ်အခြေစိုက် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်တပ်မှ တပ်သား ကိုအောင်သိန်းဝင်း၊ ဒုတပ်ကြပ် ဇော်ကြီးနှင့် စစ်မှုထမ်း တပ်သားသစ် ဇင်မင်းအောင် တို့သည် MA-1 သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၇ ခုနှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလင်းဝင်ရောက်လာတဲ့ သူတွေက တွင်းမပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတာလို့ သိရတယ်။ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာတာပေါ့။ လက်ရှိတော့ သူတို့ကို နွေးနွေးထွေးထွေးကြိုဆိုထားပြီး ဆုငွေချီးမြှင့်ထားပါတယ်” ဟုဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုနှင်းဂွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဆက်လက်၍ အလင်းဝင်ရောက်လိုသော စစ်သား၊ ရဲ ၊ ပျူစောထီးနှင့် စစ်မှုထမ်း တပ်သားသစ်များကိုလည်း နွေးထွေးစွာကြိုဆိုနေပြီး နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အလင်းဝင်ရောက်ကြရန် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုနှင်းဂွေးက ဆက်လက်ပြောဆိုသည်။







