27 C
Yangon

ပြည်သူလူထုကို ဗဟိုပြုသော မဟာဗျူဟာများဖြင့် တော်လှန်ရေး၏ အဆုံးသတ်အောင်ပွဲကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေး၏ အဆုံးအဖြတ်သည် လူထုလက်ထဲတွင်သာရှိဟု GSCB ပြောဆို

Must read

ရန်ကုန်၊ မတ် ၃၀

ပြည်သူလူထုကို ဗဟိုပြုသော မဟာဗျူဟာများဖြင့် တော်လှန်ရေး၏ အဆုံးသတ်အောင်ပွဲကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေး၏ အဆုံးအဖြတ်သည် လူထုလက်ထဲတွင်သာရှိကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု -GSCB က ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်သည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ကျရောက်သော အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် လူထုတိုက်ပွဲအရှိန်အဟုန်ကို စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့သည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ၏ ၅ နှစ်တာ ကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာကို ရင်းနှီးပေးဆပ်ကာ အဆုံးတိုင် တော်လှန်နေကြသည့် အလွှာစုံ၊ ကဏ္ဍစုံမှ ရဲဘော်ပြည်သူတစ်ရပ်လုံးကို GSCB အနေဖြင့် လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုအပ်ကြောင်း GSCB က ပြောဆိုထားသည်။

လက်ရှိ တော်လှန်ရေးခရီးကြမ်းသည် ၅ နှစ်တာကာလအထိ ကြံ့ကြံ့ခံပြီး တော်လှန်ရေးအရှိန် မြှင့်တင်နိုင်ခြင်းသည် လူထုသည်သာ တော်လှန်ရေး၏ အဓိက မောင်းနှင်အား ဖြစ်ကြောင်း လက်တွေ့သမိုင်းသက်သေပင်ဖြစ်ပြီး လမ်းပေါ်ထွက် သပိတ်များမှသည် မြေအောက်လှုပ်ရှားမှုများ၊ အကြမ်းဖက်စစ်အုပ်စု၏ ဝင်ငွေ ရေသောက်မြစ်ကို ဖြတ်တောက်နိုင်ရေး၊ ဖိနှိပ်ရေးယန္တရားများကို ဖြတ်တောက်နိုင်ရေး ရည်ရွယ်သည့် သပိတ်များနှင့် နိုင်ငံတကာဖိအားပေးမှုများ အထိလူထု၏ အားဖြင့်သာ တိုက်ပွဲဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ခရီးကြမ်းတွင် GSCB အနေဖြင့် လုပ်ငန်းစဉ်တချို့၌ ဟန်ချက်မညီမှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုအပိုင်းတွင် လိုအပ်ချက်များ ရှိခဲ့သည်ကို ဝန်ခံကြောင်း၊ ထိုလိုအပ်ချက်များကို ပြုပြင်ပြီး လူထုကိုယ်စားပြုမှုကို ပိုမိုခိုင်မာစေမည့် ခြေလှမ်းများဖြင့် ရှေ့ဆက်ပါမည်ဖြစ်ကြောင်း၊ ယခု ၆ နှစ်ထဲသို့ ကူးပြောင်းမည့်နှစ်ကို “ပြန်လည်စုစည်းမှုနှစ်” အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

“တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှု ပိုမိုအားကောင်းစေရန်နှင့် ပြန့်ကျဲနေသော အင်အားများကို တစုတစည်းတည်း ဖြစ်လာစေရန် အစွမ်းကုန် အားထုတ်သွားမည်ဖြစ်ကြောင်း၊ လူထုနှင့် တသားတည်းဖြစ်သော လူထုကို ဗဟိုပြုသော မဟာဗျူဟာများဖြင့် တော်လှန်ရေး၏ အဆုံးသတ်အောင်ပွဲကို ဆက်လက်ဖော်ဆောင်သွားပါမည် ကျွန်ုပ်တို့သည် ပြည်သူကြားမှ ပေါက်ဖွားလာသူများဖြစ်သည်နှင့်အညီ ပြည်သူနှင့်အတူ အမြဲရှိနေပါမည်၊ မည်သည့်အခက်အခဲ၊ မည်သည့်အတားအဆီးနှင့် ရင်ဆိုင်ရစေကာမူ မူလရည်မှန်းချက်ဖြစ်သော “အာဏာရှင်စနစ် အမြစ်ပြတ်ရေး” နှင့် “ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး” လမ်းကြောင်းမှ ဖဝါးလက်မ မခွာဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လူထုထံ အလေးအနက် ကတိပြုပါသည်။ တော်လှန်ရေး၏ အဆုံးအဖြတ်သည် လူထုလက်ထဲမှာသာ ရှိပါသည်” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု -GSCB က ပြောဆိုထားသည်။

သို့ဖြစ်၍ ငါးနှစ်တာ ခိုင်မာခဲ့သည့် စိတ်ဓာတ်များကို ပိုမိုခိုင်မာအောင် ဆက်လက်စုစည်း တည်ဆောက်၍ အားနည်းချက်များကို ခွန်အားအဖြစ် ပြောင်းလဲပြီး အောင်ပွဲရသည်အထိ လက်ချင်းချိတ်ကာ ဆက်လက်ချီတက်ကြပါရန် တောင်းဆိုအပ်ကြောင်း၊ “အရေးတော်ပုံ မုချအောင်ရမည်” ၊ “အာဏာရှင်စနစ် ဟူသမျှ မုချ ကျရှုံးရမည်” ၊ “ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ တည်ဆောက်နိုင်ရမည်” ဟု GSCB က ကြွေးကြော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article