ရန်ကုန်၊ မတ် ၃၁
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စစ်ဆေးအရေးယူနိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) နှင့် ပြင်သစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် ဥပဒေကို ပြင်သစ်အထက်လွှတ်တော်က ယမန်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ပါရီမြို့တွင် ပြုလုပ်သည့် ပြင်သစ်အထက်လွှတ်တော် (Senate) အစည်းအဝေး၌ အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ချက်တစ်စုံတစ်ရာမရှိဘဲ ကန့် ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေသည် ပြင်သစ်အမျိုးသားလွှတ်တော် (National Assembly) က ရှေ့ပြေးအတည်ပြုပြီးနောက် အရှိန်မြှင့်လုပ်ငန်းစဉ် (Accelerated Procedure) ဖြင့် အထက် လွှတ်တော်သို့ တက်လာခြင်းဖြစ်ကာ အထက်လွှတ်တော်ဥက္ကဋ္ဌ Gérard LARCHER က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
ယခုဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က ဂျီနီဗာမြို့တွင် ပြင်သစ်အစိုးရနှင့် IIMM တို့အကြား လက်မှတ်ရေးထိုးခဲ့သည့် “အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်” (Convention on International Judicial Cooperation) ကို တရားဝင် အတည်ပြုခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြင်သစ်လွှတ်တော်က အတည်ပြုလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုများအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများ ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ယင်းအပြင် တရားမျှတမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် IIMM နှင့် ပြင်သစ်အစိုးရတို့အကြား ယခင်ကထက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်တော့မည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျူးလွန်ခံနေရသည့် ရာဇ၀တ်မှုများအတွက် တရားခံများကို အရေးယူနိုင်ရန်နှင့် တရားမျှတမှု ရှာဖွေရာတွင် အရေးပါသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။




