31 C
Yangon

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက အရပ်သား အစိုးရ ပြန်လည်တည်ထောင်ခြင်းသည် ဒီမိုကရေစီ မဟုတ်ဘဲ လိမ်လည်မှုသာဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းပြောဆို

Must read

ရန်ကုန်၊ မတ် ၃၁

တိုင်းပြည် အာဏာလုယူထားသော အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များက အရပ်သား အစိုးရ ပြန်လည်တည်ထောင်ခြင်းသည် ဒီမိုကရေစီ မဟုတ်ဘဲ လိမ်လည်မှုသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris (ခ) ကိုထိန်လင်းက ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောဆိုလိုက်သည်။

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များသည် မြန်မာပြည်သူများထံမှ အာဏာကို လုယူခဲ့ပြီးနောက် NLD ပါတီ၏ အနိုင်ရလဒ်၊ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒတို့ကို ကြောက်ရွံနေကြောင်း၊ ထို့ပြင် မတရားအာဏာသိမ်းခဲ့မှု အမှန်တရားကို ဖုံးကွယ်ကာ ကမ္ဘာကြီးကို လှည့်စားရန်အတွက် အရပ်သားအစိုးရ ပုံစံဖြင့် ပုံဖော်ရန် ကြိုးစားနေခြင်းသည် ဒီမိုကရေစီ မဟုတ်ဘဲ လိမ်လည်မှုသာဖြစ်ကြောင်း ပြောဆိုထားသည်။

“မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေဟာ မြန်မာပြည်သူတွေထံက အာဏာကို လုယူခဲ့တယ်။ သူတို့ သိပ်ကြောက်တတ်တယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ကြောက်တယ်၊ ကျနော့်မေမေ ဒေါ်အောင်ဆန်းစု ကြည်ကို ကြောက်တယ်၊ မေမေ့ပါတီရဲ့ မှန်ကန်စွာရတဲ့ အနိုင်ရလဒ်ကိုလည်း ကြောက်တယ်။ ဒါ ကြောင့် သူတို့ အာဏာသိမ်းခဲ့ပြီး အမှန်တရားကို ကမ္ဘာကြီးရှေ့က ဖုံးကွယ်ဖို့ ဆက်ပြီး ကြိုးစားနေကြ တာပါ။ အခုတော့ သူတို့ရဲ့ အာဏာကို အရပ်သားအစိုးရ ပြန်လည်တည်ထောင်ခြင်း လို့ ပုံဖော်ဖို့ ကြိုးစားနေတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူး။ ဒါဟာ လိမ်လည်မှုပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ၏ သားငယ်ကိုထိန်လင်း (ခ) Kim Aris က ပြောကြားသည်။

ယနေ့အထိ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများ စွာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ၎င်းတို့ အသက်ရှင်နေသေးသည်ကို ချက်ချင်းသက်သေပြပေးရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“ကျနော့် မေမေနဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာဟာ ယနေ့ထိ ဖမ်းဆီးခံထားရဆဲဖြစ် ပြီးကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံထားရပါတယ်။ ကျနော် မင်းအောင်လှိုင် ကို တိုက်တွန်းလိုပါတယ်၊ မေမေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အသက်ရှင်နေသေးကြောင်း သက်သေကို ချက်ချင်း ပြသပေးပါ။ တိတ်ဆိတ်နေတာ လက်မခံနိူင်ပါဘူး။ မမြင်သလို မကြားသလို လျစ်လျူရှုနေ တာ လည်း လက်မခံနိုင်ပါဘူး။” ဟု Kim Aris (ခ) ကိုထိန်လင်းက ပြောဆိုသည်။

ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ရက်စက်သည့် စစ်အာဏာရှင်နှင့် အပေါင်းပါများကို တရားဝင်ခွင့် မပေးရန်နှင့် ၎င်းတို့ ကျူးလွန်ထားသည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယနေ့အထိ စစ်အုပ်စုက အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များကို သတ်ဖြတ်နေဆဲဖြစ် ပြီး ထို့သို့ လူသတ်ကာ ရာဇဝတ်မှုကျူးလွန်နေသည့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရမည်ဖြစ်ကြောင်း တောင်းဆိုးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article