By ရန်ကုန်ခေတ်သစ်
မြန်မာ့နွေဦးတော်လှန်ရေးဟာ ၅ နှစ်ကျော် ကာလထဲကို ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာ ရန်သူကို အလဲထိုးနိုင်ဖို့ လက်နက်နှင့် ဘဏ္ဍာငွေက အသက်သွေးကြောဖြစ်တယ်ဆိုသော်ငြား လွဲမှားတဲ့ ဘဏ္ဍာငွေ ရှာဖွေပုံနည်းလမ်းနှင့် စီမံခန့်ခွဲမှု အမှားတွေကြောင့် တော်လှန်ရေးကို လမ်းမချော်စေဖို့ အရေးကြီးပါတယ်။
တော်လှန်ရေးဟာ ပြည်သူကို ကာကွယ်ဖို့ဖြစ်ပေမယ့်လည်း အခန့်မသင့်လို့ အာဏာနှင့် ငွေကြေးနောက်ကို လိုက်ပါမျောသွားတဲ့အခါ အာဏာရှင်လက်သစ် မွေးထုတ်သလိုဖြစ်လာတတ်ပါတယ်။
အထူးသဖြင့် အညာရေနံမြေ လို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ရေနံမှော်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။
ဒီလိုဖြစ်စဉ်တွေရဲ့ ဗဟိုချက်မှာတော့ မြိုင်မြို့နယ် ပကဖ တာဝန်ခံမှသည် မကွေး တိုင်း ဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာရဲ့ အခန်းကဏ္ဍနဲ့ သူတာဝန်ခံရမှာတွေလည်း များစွာရှိနေပါတယ်။
ဗိုလ်လက်ယာ (ခ) ကိုလက်ယာဟာ ၂၀၀၁ ခုနှစ်မှာ ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာတော့ CDM လှုပ်ရှားမှုထဲသို့ ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဖြစ်လာပြီးတဲ့နောက် ဝင်ငွေကောင်းတဲ့ ရေနံတွင်းတွေကို အခြေပြုပြီး သူ့ဩဇာက ကြီး မား ကျယ်ပြန့်လာပါတယ်။
အညာဒေသရဲ့ ရေနံမြေလို့ခေါ်တဲ့ အဲ့ဒီဒေသမှာ ရေနံကျင်းပေါင်း သိန်းနဲ့ချီရှိနေပြီး တစ်နေ့ကို ဆီပီပါပေါင်း သောင်းချီ ထွက်ရှိတာ ဖြစ်ပါတယ်။ အဲ့ဒီသယံဇာတွေက ရရှိတဲ့ ငွေကြေးအင်အားနဲ့ ဒေသတော်လှန်ရေးတပ်ဖြစ်တဲ့ မြိုင်ပကဖအတွက် လက်နက်ဝယ်ယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒီလက်နက်တွေနဲ့ အင်အားနည်းပါးတဲ့အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာတွေလည်း ရှိလာပြီး မြိုင်ပကဖ လက်အောက်ခံ ဩဇာခံ တပ်တွေလိုဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒါဟာ ဩဇာခံတပ်တွေဟာ တော်လှန်ရေးထက် ကိုယ့်လက်နက်တပ်ဆင်ပေးသူကို ဩဇာခံသလို ဖြစ်လာတာကလည်း တော်လှန်ရေးအတွက် အပြုသဘော မဆောင်လှပါဘူး။
အခြားတစ်ဖက်မှာလည်း ဗိုလ်လက်ယာလက်အောက်ခံ တပ်တချို့ရဲ့ ကျူး လွန်တဲ့ ရာဇဝတ်မှုတချို့ရှိနေပြီး ဒါတွေကိုလည်း တာဝန်ခံ ဖြေရှင်းပေးမှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
ဒီကျူးလွန်မှုတွေဟာ ဗိုလ်လက်ယာက တိုက်ရိုက်ကြီး လုပ်ဆောင်တာမဟုတ်ပေမယ့်လည်း သူ့လက်အောက်မှာရှိနေတဲ့ တပ်တချို့က ကျူးလွန်တာမို့ သူ့မှာ တာဝန်အပြည့်ရှိတာကလည်း အသေအချာပါပဲ။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖြစ်ပွါးခဲ့တဲ့ ဗဟင်းကျေးရွာ ပအဖ တာဝန်ခံ ဦးလှအောင် သတ်ဖြတ်ခံရမှုက ထင်ရှားတဲ့ သာဓက တခုဖြစ်ပါတယ်။ ဗိုလ်လက် ယာရဲ့ တပည့်ဖြစ်သူနဲ့ အချင်းချင်း စကားများရာမှအစပြုကာ “ဗိုလ်လက်ယာ အမိန့်နဲ့” ဟုဆိုပြီး ဦးလှအောင်နှင့် အဖွဲ့ဝင်များကို ညသန်းခေါင် သေနတ်ဖြင့်ချိန်ကာ ဖမ်းဆီးသွားခဲ့ပါတယ်။
နောက်ပိုင်း စစ်ဆေးမေးမြန်းရာမှာ “လက်လွန်သွားသည်” ဆိုကာ အကြောင်းပြပြီး ဦးလှအောင်ကို သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ရုပ်အလောင်းကိုတောင် မိသားစုထံ ပြန်မပေးဘဲ သင်္ဂြိုလ်လိုက်ခြင်းဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေကို ပြန်လည် ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းက မြိုင်မြို့နယ်၊ စဘေကန်ရွာအနီးမှာ ကြက်ဝိုင်းလုပ်နေတုန်း မြိုင်အနောက်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခု ရောက်လာပြီး သေနတ်ပစ်ဖောက် ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမှာ နန်းတော်ရာရွာက အသက် ၄၈ နှစ်အရွယ် ဦးဌေးမောင်ဟာ ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သလို၊ ကိုဇင်လင်းမောင်ဆိုသူလည်း ဦးခေါင်းမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုက အမှုမဖွင့်ခဲ့ပေမဲ့ ရက်လည်ဆွမ်းကပ်ပြီးတဲ့နောက်မှာ ကိုချမ်းစိုး၊ ကိုကြည်မြင့်နဲ့ နန်းတော်ရာ ပကဖ တာဝန်ခံ ကိုကျော်မြင့်တို့က နစ်နာကြေး ငွေကျပ် ၄၈ သိန်း လာပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ညပိုင်းမှာလည်း ဝက်ဖိုးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဌေးကို လက်နက်ကိုင်တစ်စုက “မေးစရာရှိတယ်” ဆိုပြီး ကား၊ ဆိုင်ကယ်၊ ဖုန်းတွေနဲ့အတူ ခေါ်သွားပါတယ်။ ဦးအောင်ဌေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိဘဲ အေးဆေးနေသူဖြစ်သလို PDF တွေ လာဖမ်းမယ်ဆိုတာ သိပေမဲ့ ထွက်မပြေးဘဲ စောင့်နေခဲ့သူပါ။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ သူတို့ယူသွားတဲ့ ကားနဲ့ ဆိုင်ကယ်ကို ဦးအောင်ဌေးရဲ့ ယောက်ဖဖြစ်သူဆီ ပြန်အပ်ခဲ့ပြီး ဦးအောင်ဌေးကိုတော့ အမှတ် (၁) စစ်ဒေသကို လွှဲလိုက်ပြီလို့ ပြောခဲ့ပေမဲ့ ဒီနေ့အထိ ဘာသတင်းမှမရဘဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
နောက်အမှုတစ်ခုကတော့ သံမြေကျင်းကျေးရွာ ပကဖ ရဲဘော် မိုးစက် (ခ) အောင်ကိုမင်း အသတ်ခံရမှုအတွက် သံမြေကျင်း ပကဖ တာဝန်ခံ ကိုစိုးသူက မြိုင်မြို့နယ် ပကဖ တာဝန်ခံ ကိုလက်ယာနဲ့ တွေ့ဖို့ကြိုးစားပေမဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ပလဖ ဘက်ကို တိုင်ကြားတဲ့အခါမှာလည်း “ဒါဟာ ပကဖ အချင်းချင်းဖြစ်တဲ့ကိစ္စမို့ ပကဖ ပဲ ရှင်းလိမ့်မယ်” ဆိုပြီး ငြင်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေဟာ အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ယင်းမာပင်မြို့နယ်၊ ဖိုဝင်တောင်ဂိတ်မှာ မြိုင်မြို့နယ် ပကဖ အဖွဲ့ဝင် ၄ ဦး ဖြစ်တဲ့ ကိုစိုးမိုးထက်၊ ကိုဝင်းမင်းဌေး၊ ကျော်ဇင်ထွန်း၊ ကိုယဉ်မင်းထွေး တို့ကို ဘိန်းမဲ ၂ ပိသာခွဲ၊ ကိုကင်း၊ Happy မူးယစ်ဆေးထုပ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာက အရေးယူထားပြီဖြစ်ပေမယ့် အဓိက တာဝန်ခံရမယ့်သူကတော့ မြို့နယ် ပကဖ တာဝန်ခံဖြစ်တဲ့ ဗိုလ်လက်ယာမှာ တာဝန်ရှိနေပါတယ်။
ဒါ့အပြင် အညာရေနံမြေဒေသမှာ ပြည့်တန်ဆာခန်းတွေ၊ မာဆတ်နဲ့ KTV စတဲ့ ဆိုင်ပေါင်းများစွာ ရှိခဲ့ပေမယ့်လည်း အာဏာရှင်တော်လှန်ရေး ဖြစ်နေချိန်မှာလည်း အဲဒါတွေက ပိုလိုတောင် ပေါ်ပေါ်ထင်ထင် အဲဒီဆိုင်တွေ ဖွင့်လှစ်လာတာကလည်း မြိုင်ပကဖနဲ့ ဒေသ ရပ်/ကျေး တာဝန်ခံတွေရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမှာပါ။
အညာရေနံမြေမှာ ဖွင့်နေတဲ့ ဆိုင်ခန်းတွေကနေ တစ်လကို သက်ဆိုင်ရာတွေက ဆိုင်ခန်း တစ်ခန်းကို ငွေကျပ် ၄ သိန်းဝန်းကျင်အထိ အခွန်ကောက်ခံနေတာဖြစ်ပါတယ်။
အဆိုးဝါးဆုံးကိစ္စကတော့ အဲ့ဒီ KTV နဲ့ ပြည့်တန်ဆာခန်းတွေဟာ ဒုစရိုက်လုပ်ငန် းတွေသာမကဘဲ မူးယစ်ဆေးဝါးတွေ လွယ်လွယ်ကူကူ ဝင်ရောက်နေတာပါပဲ။ ဒါတွေကို တားဆီးဖို့ ဒေသရပ်/ကျေးအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ မတားဆီးဘဲ သူတို့ကိုယ်တိုင် ပါဝင်နေသေလားဆိုတာကလည်း မေး ခွန်းထုတ်စရာပါပဲ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ သွင်းယူလာသော Ketamine (K) နှင့် Ecstasy (E) အပါအဝင် မူးယစ်ဆေးဝါးများကို အဲ့ဒီ KTV နဲ့ ပြည်တန်ဆာခန်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချနေတယ်လို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ လောင်းကစားကို တားမြစ်ထားတယ်လို့ အပေါ်ယံဆိုသော်ငြား လက် တွေ့မှာတော့ အညာရေနံမြေမှာ တွင်တွင်ကျယ်ကျယ်ဖြစ်နေပါတယ်။
လက်ရှိ ရေနံမှော်ဒေသတွင်းမှာ အဖွဲ့ပေါင်းစုံကနေ ဂိတ်အမျိုးမျိုးဖွင့်ပြီး အခွန်ငွေတွေ အဆမတန် ကောက်ခံနေပါတယ်။ ဆီတပီပါကို ၃,၀၀၀ ကျပ်ကနေ ၁၇,၀၀၀ ကျပ်အထိ ဂိတ်တိုင်းမှာ အထပ်ထပ်အခါခါ ပေးဆောင်နေရတဲ့အတွက် ရေနံချက်ဖိုလုပ်ကိုင်သူတွေနဲ့ ကုန်သည်တွေမှာ အမြတ်မကျန်တော့ဘဲ အခက်ကြုံနေရပါတယ်။
ထင်းကား၊ ဆီကားများထံကလည်း အခွန်ကောက်ယူမှုတွေကြောင့် အဲ့ဒီဒေသက ကုန် ဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ စစ်ကောင်စီရဲ့ မှတ်ပုံတင်ကို အသုံးမပြုလိုတဲ့ ပြည်သူတွေကိုပါ ဒေသစစ်ဆေးရေးဂိတ်တွေမှာ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးမှုတွေ ရှိနေပါတယ်။ ဒါတွေကလည်း မဖြစ်မနေ ပြောင်းလဲ ပြုပြင်ရပါမယ်။
ရေနံမြေကို အခြေခံပြီး စစ်ဘုရင်ဝါဒလို ဖြစ်လာခြင်းနဲ့ ကျင့်သုံးမှုတွေ ရှိနေသလိုဖြစ်လာတာက နွေဦးတော်လှန်ရေးအတွက် ကြီး မားတဲ့ ခြိမ်းခြောက်မှု တခုဖြစ်ပါတယ်။တော်လှန်ရေးရဲ့ သန့်စင်မှုကို ပျက်စီးစေနိုင်တာမို့ ဒါတွေကို အချိန်မီ ပြန်လည်ပြုပြင်ရမှာဖြစ်ပါတယ်။
မြေပြင်မှာ ဖြစ်ပျက်နေမှုတွေဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ NUG ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းယူနစ်အစိုးရ၊ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းဆောင်ရွက်မှုနဲ့ အမြန်ဆုံးပြန်လည် တည့်မတ်ရမှာလည်းဖြစ်ပါတယ်။
ဘယ်လောက်ပဲ လက်နက်အင်အား တောင့်တင်းပါစေ အမှန်တရားနဲ့ ဝေးကွာနေပြီး စည်း လုံးမှုမရှိဘဲ သူတစ်လူ ငါတစ်မင်းဖြစ်နေရင် တော်လှန်ရေးကို အနည်းနဲ့ အများထိခိုက်ပြီး ပြည်သူလူထုရဲ့ ဒီမိုကရေစီ အိပ်မက်တွေအပေါ် မှေးမှိန်မှု ဖြစ်စေမှာကို မကွေး ဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်၊ မကွေး ဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးနဲ့ သက်ဆိုင်ရာ NUG အစိုးရတာဝန်ရှိသူတွေက သတိပြုပြီး ညှိနှိုင်းဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။
တော်လှန်ရေးအတွက် စစ်အုပ်စုကို ပစ်ရမယ့် သေနတ်ကျည်ဆန်တွေကို ရန်သူစစ်တပ်ဆီ ကို တည့်တည့်ပစ်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကို ချက်ချင်း ပြုပြင်ကာ တော်လှန်ရေး ခရီးကို အားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် ရှေ့ဆက်လျှောက်လှမ်းရမှာဖြစ်ပါတယ်။




