ရန်ကုန်၊ ဧပြီ ၄
အကြမ်းဖက် မင်းအောင်လှိုင်၏ တရားမဝင်သမ္မတရာထူးကို အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)က ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာက အသိအမှတ်မပြုရန် တောင်းဆိုလိုက်သည်။
အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) သည် စစ်တပ်ကခြယ်လှယ်ထားသော လွှတ်တော်မှတစ်ဆင့် မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ခန့်အပ်လိုက်ခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ARNC ၏ ထုတ်ပြန်ချက်အရ ယခုခန့်အပ်မှုသည် ကုလသမဂ္ဂနှင့် ဒီမိုကရက်တစ်အစိုးရများက “အတုအယောင်” ဟု သတ်မှတ်ထားသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို အရပ်သားအုပ်ချုပ်ရေးပုံစံဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဖော်ပြထားသည်။ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားပြီး အတိုက်အခံပါတီများကို ပိတ်ပင်ထားသည့်အတွက် ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းမရှိကြောင်း ဆိုသည်။
မင်းအောင်လှိုင်သည် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းတို့အတွက် တာဝန်ရှိသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။ ၎င်းနှင့်ပတ်သက်၍ အာဂျင်တီးနားတရားရုံးမှ နိုင်ငံတကာဖမ်းဝရမ်းထုတ်ပြန်ထားသလို၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) တွင်လည်း အမှုဖွင့်တိုင်ကြားခံထားရသူဖြစ်သည်။
“မင်းအောင်လှိုင်က ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ အဓိက တာဝန်ခံရှိတဲ့ တရားခံတစ်ဦးဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးက အပြစ်မဲ့ပြည်သူ ထောင်ချီသတ်ဖြတ်ခဲ့တယ်။ ထောင်နဲ့ချီမတရားဖမ်းဆီးထားတယ်။ အခုလက်ရှိကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဆိုတာလည်း အတိုက် အခံမပါတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်။ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရသူ၊ ICC မှာလည်း ဖမ်းဝရမ်းတင်ခံထားရသူ၊ ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်ထားသူတစ်ယောက် အခုလို သမ္မတလုပ်တာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ အတုအယောင် ရွေးကောက်ပွဲနဲ့ သူ့စိတ်ကြိုက်လူအချို့က ခန့်အပ်လိုက်တဲ့ သမ္မတဖြစ်တာကြောင့် တရားဝင်မှုမရှိပါဘူး။ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရ၊ စစ်တပ်မပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖယ်ဒရယ်နိုင်ငံတော်သစ် ဖြစ်မြောက်ရေးအတွက် အမြဲတောင်းဆိုနေမှာပါ။ နိုင်ငံ တကာ အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်က အာဏာသိမ်းတာကို လက်မခံခဲ့သလို၊ အခု စစ်ဘောင်းဘီချွတ် အစိုးရကိုလည်း လက်မခံဖို့ ဆက်လက်တောင်းဆိုသွားပါမယ်” ဟု အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)၏ ပူးတွဲ ဥက္ကဋ္ဌ ဦးနေဆန်းလွင်က ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အများစုကို ထိန်းချုပ်ထားသော အာရကန်တပ်တော် (AA) သည်လည်း ရိုဟင်ဂျာများအပေါ် ပိုမိုရက်စက်စွာ ဖိနှိပ်နေကြောင်း ၊ AA ၏ လုပ်ရပ်များသည် ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာများကို အပြီးတိုင် မောင်းထုတ်ရန် ရည်ရွယ်နေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ARNC က နိုင်ငံတကာသို့ မင်းအောင်လှိုင်၏ သမ္မတရာထူးကို အသိအမှတ်မပြုရန်၊ နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော လူမျိုးတုံးသတ်ဖြတ်မှုအမှုကို ဆက်လက်ထောက်ခံရန်၊ မင်းအောင်လှိုင်နှင့် အပေါင်းအပါများအပေါ် ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းများကို အကောင် အထည်ဖော်ရန်၊ မြန်မာစစ်တပ်နှင့် AA အပေါ် ပစ်မှတ်ထားအရေးယူမှုများ တိုးမြှင့်ရန်၊ မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တောင်းဆိုထားသည်။
ARNC အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး တရားမျှတမှု၊ တာဝန်ခံမှုနှင့် လူ့အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဒီမိုကရေစီအင်အားစုအားလုံးနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။




