ရန်ကုန်၊ ဧပြီ ၆၊ ၂၀၂၆
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်နှင့် ခရိုင်အားလုံးတွင် ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မဖြစ်မနေ စည် ကားအောင် ကျင်းပရန် ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားထားပြီးနောက်၊ နယ်မြေခံ စစ်တပ်နှင့်ဒေသအာဏာပိုင်များက လုပ်ငန်းရှင်များကို ခေါ်ယူကာ သင်္ကြန်မဏ္ဍပ် အသုံးစရိတ်နှင့် စတုဒီသာအလှူအတွက် ငွေကြေးများ အဓမ္မထည့်ဝင်ခိုင်းနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်နှင့် ခရိုင်တိုင်းတွင် ဗဟိုမဏ္ဍပ်များအပြင် လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များကို အပြိုင်အဆိုင် တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
လူစည်ကားစေရန်အတွက် နေ့စဉ်စတုဒီသာ ကျွေးမွေးရန်ပါ ညွှန်ကြားထားရာ အဆိုပါ ကုန်ကျစရိတ်များအတွက် ရန်ပုံငွေကို နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များဆီမှ ကောက်ခံနေခြင်း ဖြစ်သည်။
အထူးသဖြင့် တောင်ဥက္ကလာပမြို့နယ်ရှိ ခရိုင်ရုံးတွင် ခရိုင်ဥက္ကဌကိုယ်တိုင် ဦးဆောင်၍ နယ်မြေအတွင်းရှိ လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ လုပ်ငန်းအကြီးအသေးအလိုက် သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း မဖြစ်မနေ ထည့်ဝင်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကို ခရိုင်ရုံးက ခေါ်တွေ့တယ်။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ၂ သိန်းကနေ အနည်းဆုံး စကောက်တာ။ ဆိုင်ကြီးရင်ကြီးသလို ၅ သိန်း၊ ၁၀ သိန်းကနေ သိန်း ၂၀၊ ၃၀ အထိ သတ်မှတ်ထားတယ်။ အလှူငွေလို့တော့ ပြောတာပဲ၊ ဒါပေမဲ့ မထည့်လို့မရတဲ့ ပုံစံမျိုးနဲ့ ခေါ်ပြောတာ” ဟု ပြောကြားခဲ့သည်။
အဆိုပါ ငွေကောက်ခံမှုတွင် စားသောက်ဆိုင်များ၊ အရက်ဘီယာဆိုင်များ၊ ကာရာအိုကေ (KTV) ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များသာမက ကားအရောင်းစင်တာများ၊ ရွှေဆိုင်များ၊ အနှိပ်ခန်း (Massage) များနှင့် ဆန်ဆိုင်၊ ဆီဆိုင်များအထိ လုပ်ငန်းရှင်အားလုံး ပါဝင်နေကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း “တိုင်းအစိုးရက မြို့နယ်တိုင်းကို မဏ္ဍပ်တွေ ဆောက်ခိုင်းတယ်၊ စတုဒီသာ ကျွေးခိုင်းတယ်။ ဒါပေမဲ့ အစိုးရက ဘတ်ဂျက် အပြည့်အဝ မချပေးတော့ မြို့နယ်နဲ့ ခရိုင်အဆင့် လူကြီးတွေက ဒီလိုပဲ လုပ်ငန်းရှင်တွေကို ခေါ်ညှိပြီး ကောက်ရတာပေါ့။ လူစည်းကားဖို့က သူတို့အတွက် အဓိကပဲ” ဟု ဖွင့်ဟပြောဆိုသည်။
လုပ်ငန်းရှင်များမှာ လက်ရှိ စီးပွားရေး အခြေအနေနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများကြောင့် အခက်အခဲ ဖြစ်ပေါ်နေသော်လည်း နယ်မြေခံ အာဏာပိုင်များ၏ ငြိုငြင်မှုကို မခံလိုသဖြင့် အဆိုပါ ငွေကြေးများကို မတတ်သာသည့်အဆုံး ထည့်ဝင်နေရကြောင်း သိရသည်။
ယခုကဲ့သို့ သင်္ကြန်ပွဲတော်အတွက် အဓမ္မ ငွေကောက်ခံမှုများသည် ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေပြီး၊ အချို့နေရာများတွင် သင်္ကြန်ပွဲတော်လုံခြုံရေးအကြောင်းပြ၍ လုံခြုံရေးစရိတ်အတွက်ပါ အလှူငွေ ကောက်ခံမှုများပါ ရှိနေကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ- ရန်ကုန်တွင် စတင်ဆောက်လုပ်နေသော သင်္ကြန်မဏ္ဍပ်များ။






