30 C
Yangon

စက်သုံးဆီသုံးစွဲမှု ၁ ရက်လျှင် ဂါလန် ၁ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်း လျော့ကျသက်သာလာပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့် သက်သာမည်ဟု စစ်တပ်က ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၇

မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုနှုန်းသည် တစ်ရက်လျှင် ဂါလန် ၁ သန်းကျော် သိသာစွာ လျော့ကျလာခဲ့ပြီး၊ ယင်းကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်နှင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ခန့်အထိ နိုင်ငံခြားငွေသုံးစွဲမှု သက်သာစေမည်ဟု အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လိုက်သည်။

စစ်တပ်က စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်ခြင်းတို့ကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃.၅၄ သန်းဂါလန်မှ ၂.၅ သန်းဂါလန်သို့ ကျဆင်းသွားခဲ့ရာ ၂၉ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်နှင့် ရေနံဓာတ်ငွေ့ရည် (LPG) တို့သည် ၂၉ ရာခိုင်နှုန်း ပါဝင်နေပြီး အဆိုပါစက်သုံးဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်ကြောင်း၊ နှစ်စဉ် စက်သုံးဆီတန်ချိန် ၅ သန်းခန့် တင်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲနေရသဖြင့် ယခုကဲ့သို့ စနစ်တကျ ထိန်းကျောင်းသုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ သန်း ၂၀၀၀ ခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

လက်ရှိ အီရန်စစ်ပွဲကြောင့်ဟု အကြောင်းပြကာ စစ်တပ်က စက်သုံးဆီခွဲတမ်းများကို လျှော့ချနေပြီး ပြည်သူများမှာ စက်သုံးဆီအရောင်းဆိုင်များတွင် နေ့စဉ် တန်းစီ တိုးဝှေ့ ဝယ်ယူနေကြရသည်။

လက်ရှိ စက်သုံးဆီစျေးနှုန်းများမှာ 92 ရိုးရိုးဓာတ်ဆီတစ်လီတာ ၄၆၁၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၈၀၅ ကျပ်အထိ စစ်တပ်က စျေးနှုန်းမြှင့်တင်ထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ဆီဆိုင်များကို ရောင်းချရာတွင် မောင်းနှင်သွားလာထားသော ခရီးအကွာအဝေးအလိုက်သာ ယာဉ်များကို ဆီရောင်းချနေပြီး ယင်းစနစ်ကို ဧပြီလ ၃ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင်စစ်တပ်က မော်တော်ယာဉ်များ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန် လည်တင်သွင်းသည့်စနစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article