30 C
Yangon

ဘုတ်ပြင်းတွင် စစ်တပ် စစ်ကြောင်းနှင့် အခြေပြု အထိုင်ချတပ်စွဲထားသော စခန်းများကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၇

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် အခြေပြု အထိုင်ချတပ်စွဲထားသော စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အတွင်း ဘုတ်ပြင်းမြို့နယ်၊ လေညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင်အမှတ် ၈ အနီးသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး မိုင်တိုင်အမှတ် ၁ မိုင်ခွဲနေရာတွင် ခံစစ်ပြင်ဆင်အထိုင်ချတပ်စွဲထားသော နေရာများနှင့် အခြေပြုတပ်စွဲထားသော ပြည်ကြီးမဏ္ဍိုင်မြို့နယ် မီးသတ်ဌာန၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ် ရဲစခန်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ တောင်ပေါ်ဘုန်းကြီးကျောင်း၊ ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း၊ ဘန်ဂလိုတာဝါတိုင် စသည့် အကြမ်းဖက် စစ်တပ် အခြေပြုရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်တွင်လည်း ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဘုတ်ပြင်းမြို့အခြေစိုက် စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရှိရသည်။

“ကျနော်တို့မျက်မြင်တော့ စခ ၁၀ ကောင်ကျော်တယ်။ စစ်ရေးအခြေအနေက အခုချိန်ထိ မပြီးပြတ်သေးတဲ့အတွက် သေဆုံးမှုကို အတိအကျတော့ ကျနော်တို့ ထောက်လှမ်းလို့ မရသေးပါဘူး။ စစ် ကြောင်းထိုးပြီး စတင်ဝင်ရောက်လာတဲ့အချိန်က KNLA က ထုတ်ပြန်ခဲ့တဲ့ လက်နက် ၃ လက် ရခဲ့တာပဲ ရှိပါတယ်။ နောက်ထပ်တော့ ရရှိတာ ထပ်မရှိဘူး။ စစ်ခွေးတွေက (၁) မိုင်ခွဲမှာ အထိုင်ချကာကင်းယူထားပြီး (၈) မိုင်အထိ တိုးလာတဲ့အခါ မြေပြင်ကနေလည်း ဝင်တိုက်တယ်။ ဒရုန်းနဲ့ကလည်း သူတို့အထိုင်ချထားတဲ့ နေရာတွေကို ဗုံးကျဲပါတယ်။ မဏ္ဍိုင်ရဲစခန်း၊ မီးသတ်ဌာန၊ တောင်ပေါ်ဘုန်းကြီး ကျောင်း၊ ဆင်နှစ်ကောင်ကျောင်း၊ ဘန်ဂလိုတာဝါတိုင်တို့ဆိုတာ သူတို့ လက်နက်ကြီးအထိုင်ချပြီး လှမ်းထုနေတဲ့ နေရာတွေပါ။ အဲ့ဒီနေရာတွေကိုတော့ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်” ဟု ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို KNLA အမှတ် ၂၀၃ တပ်ရင်း၊ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်း၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအမှတ် ၂ တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF DRONE FORCE) နှင့် ပူးပေါင်းတပ်ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်နှင့် လေညာကျေးရွာအနီး ပြည်သူများ အသွားအလာ ဂရုစိုက်ကြရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ရေးအခြေအနေကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိရန် သတိပေးတားမြစ်ထားသော အချိန်များကိုလည်း နားလည်စွာ ပူးပေါင်းပါဝင်ပြီး ဘေးကင်းအောင် နေထိုင်ပေးကြဖို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article