ရန်ကုန်၊ ဧပြီ ၉
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် တိုင်း ရင်းသားများကို နေရာပေးမည်ဟု မကြာ ခဏ ဆိုသလို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ယင်းပြောဆိုမှုကို ငြင်းပယ်ပြီး တိုင်း/ပြည်နယ် ဝန်ကြီးချုပ်နေရာများကို ငယ်ကျွန် လက်မရွံ့ သစ္စာရှိသူများကိုသာ ပြန်လည်ခန့်အပ်လိုက်သည်။
အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က ခန့်အပ်လိုက်သော တိုင်းနှင့်ပြည်နယ်ဝန်ကြီး ချုပ်နေရာများတွင် ကြံ့ဖွတ်ပါတီဝင်များ၊ စစ်အရာရှိဟောင်းနှင့် ရဲအရာရှိဟောင်း များအပါအဝင် ငယ်ကျွန် လက်မ ရွံ့တပ်သားများကိုသာ ခန့်အပ်ထားပြီး အပြောင်းအလဲမရှိကြောင်း CDM ဗိုလ်ကြီး ဇင်ယော်နှင့် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ပြန်အပ်ခန့်လိုက်သည့် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များမှာ က ချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လက်ရှိ ဝန်ကြီးချုပ်ခက်ထိန်နန်၊ ကယား ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အံ့မော်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စောမြင့်ဦး၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာဝုန်ဆွင်းထန်၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ကိုလေး၊ တနင်္သာရီ ဝန်ကြီး ချုပ်အဖြစ် ဇော်နိုင်ဦး၊ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ်မျိုးဆွေဝင်း၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် တင်ကိုကို၊ မန္တလေးတိုင်း ဝန်ကြီး ချုပ်အဖြစ် မျိုးအောင်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ်အောင်ဝင်းသန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် နိုင်ဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် စိုင်းထိန်စိုး၊ ဧရာဝတီတိုင်း ဝန်ကြီချုပ် အဖြစ် အေးကျော် နှင့်ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ရဲဗိုလ်ချုပ် အောင်နိုင်သူ တို့ဖြစ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် စစ်အရာရှိဟောင်း စိုင်းထိန်စိုး
——————————————————
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ စိုင်းထိန်စိုးသည် ကြံ့ဖွတ်ပါတီ၏ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်အရာရှိဟောင်း တစ်ဦးပင်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းထိန်စိုးသည် ဒုဗိုလ်မှူးကြီးဟောင်းတစ်ဦးဖြစ်ပြီး စစ်တပ်၏ အတုအယောင် ရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်မှ အချိုးကျကိုယ်စားပြုစနစ် ဖြင့် ရွေးချယ်ခံ ရသူဖြစ်သည်။ ၎င်းကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က စစ်ခါင်းဆောင်မင်းအောင်လှိုင်က တပ်မတော်ဆိုင်ရာ စွမ်းဆောင်မှု ဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် စစ်မှုထမ်းကောင်း တံဆိပ်ကို ချီးမြှင့်ပေးခဲ့သည်။
“ရှမ်းပြည်နယ်က စိုင်းထိန်စိုးဆိုတဲ့ဟာကတော့ စကခ ၁၇ ကပဲ၊ ဒုတပ်မမှူးလို့ ကျနော်တို့ သိထား တယ်။ သေချာတာကတော့ သူ့ရဲ့ငယ်ကျွန်တွေပဲ။ သူ့ရဲ့ငယ်ကျွန်တွေနဲ့ လက်မရွံ့တဲ့သူတွေကို ပြန်ပြီးတော့ ခိုင်းတဲ့အနေအထားမျိုးပဲ။ ဒါက ကနဦး အစမ်းခန့်တွေ၊ တော် တော်များများကတော့ မပြောင်းလဲပါဘူး။ ဒါပေမယ့် သူ့စိတ်ကြိုက်မဟုတ်ရင် ချက်ချင်းပြောင်းခံရမယ့် သူတွေပဲ၊ ဂျောင်းခံရမယ့်သူတွေပဲပေါ့။ ကျနော်တို့ ပထမပိုင်း ၅ နှစ်တာ သူယာယီသမ္မတကာလမှာ စစ်တပ်က စစ်တိုင်းမှူးတွေ၊ တပ်မမှူးတွေ ဖြုတ် ထုတ်သတ်တွေများခဲ့တယ်။ အခု အရပ်ဘက်ကို ရောက်လာပြီဆိုတော့ ဝန်ကြီးချုပ်တွေပေါ့၊ ဝန်ကြီး ချုပ်တွေ အရပ်ဘက်ဝန်ကြီးတွေ ၊ ပြည်ထောင်စုဝန်ကြီးတွေ အပြောင်းအလဲတွေ၊ မကြာခဏ ဖြုတ် ထုတ်သတ်တာတွေ ခံရမယ့်အနေအထားလို့ သုံးသပ်လို့ရပါတယ်။” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ရန်ကုန်ဝန်ကြီးချုပ် ရဲချုပ် အောင်နိုင်သူ
—————————————
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသူ အောင်နိုင်သူသည် ဒုရဲချုပ် ၂ အဖြစ် တာဝန်ထမ်း ဆောင်နေစဉ် စစ်တပ်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်အဖြစ် ကိုကိုကျွန်းမြို့နယ် မဲဆန္ဒ အမှတ် ၁ မှ ကြံဖွတ်ပါတီ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့သူဖြစ်သည်။
အောင်နိုင်သူမှာ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မွေးဖွားခဲ့ပြီး လက်ရှိတွင် ဇနီးဖြစ်သူ ဒေါ်နှင်းနှင်းအေးနှင့် သားသမီး ၄ ဦးရှိသည်။ မန္တလေးတက္ကသိုလ်မှ ပထဝီဝင်ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ (MA) ရရှိခဲ့ပြီး နောက် ဒုရဲအုပ်လောင်း အပတ်စဉ် ၁၇ သို့ တက်ရောက်ကာ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ရဲတပ်ဖွဲ့တွင် ရဲဗိုလ်ချုပ် ဒုတိယ ရဲချုပ်အဆင့်တာဝန်ထမ်းဆောင်ခဲ့ပြီး ရဲသူရိန်ဘွဲ့၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်) စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိခဲ့ဖူးသည်။
NLD အစိုးရ လက်ထက် ဒုရဲချုပ်တာဝန်ယူစဉ် နေပြည် တော်ရှိ ကိုယ်ပိုင်အထက် တန်းကျောင်းတစ်ခု၌ ဗစ်တိုးရီးယားအမှုဟု လူသိများသည့် ကလေး သူငယ် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု၌ ကျူးလွန်သူဘက်မှ ကာကွယ်ပြောဆိုခဲ့သူဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်မှ မြို့ပြပျောက်ကြားအဖွဲ့ဝင်များကို ဖမ်းဆီးရာ တွင် အဓိက တာဝန်ရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်တို့တွင် မန္တလေးမြို့ရှိ ၎င်း၏နေအိမ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက နှစ်ကြိမ် ဗုံးခွဲ တိုက်ခိုက်ခံရသူဖြစ်သည်။
ကချင်ဝန်ကြီးချုပ် ကြံ့ဖွတ် ခက်ထိန်နန်
————————————–
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ၁၉၅၉ ခုနှစ်တွင် မိုးကောင်းမြို့နယ်၌ မွေးဖွားခဲ့ကာ သတ္တဗေဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူဖြစ်ကြောင်း၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများ ပိုင်ကုမ္ပဏီ၏ ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ကချင်ပြည်နယ် လူမှုအခြေပြုအဖွဲ့အစည်းများ၏ ကချင် အမျိုးသား သစ္စာဖောက်အဖြစ် ကြေညာခြင်း ခံထားရသူဖြစ်သည်။
ထို့အပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းစစ်တပ် လက်အောက်ခံ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် ၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ရာ ဦးခက်ထိန်နန်လည်း ပါဝင်ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အစ်ကိုဖြစ်သူ NLD အစိုးလက်ထက် ကချင်ပြည်နယ် ဝန်ကြီး ချုပ် ဦးခက်အောင်ကို စစ်တပ်က ဖမ်းဆီး ထောင်ချခဲ့ပြီးနောက် ၎င်းကို မင်းအောင်လှိုင်က ဝန်ကြီး ချုပ်အဖြစ်ပြန်ခန့်ခဲ့သည်။
မင်းအောင်လှိုင်အပေါ် သစ္စာရှိမှုကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သီရိပျံချီဘွဲ့ချီး မြှင့်ခြင်းခံခဲ့ရပြီး အတုအယောင်ရွေးကောက်ပွဲတွင်လည်း မြစ်ကြီးနားမြို့နယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ဖွတ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရစေကာ ဝန်ကြီး ချုပ်အဖြစ် ထပ်မံခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ကရင်ဝန်ကြီးချုပ် စောမြင့်ဦး
—————————–
ကရင်ဝန်ကြီးချုပ် စောမြင့်ဦးသည် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၂ တွင် ပြည်နယ်နှင့်တိုင်းအသီးသီး၌ စစ်ကောင်စီက အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ဝန်ကြီးချုပ်ဖြစ် လာခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အုပ်ချုပ်ရေး၌ ပါဝင်ခဲ့ခြင်းနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများကြောင့် ၂၀၂၁ ဒီဇင်ဘာတွင် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ သည်။
မကွေးဝန်ကြီးချုပ် ရဲချုပ်ဟောင်း တင်ကိုကို
—————————————————
မကွေးတိုင်းဝန်ကြီးချုပ် တင်ကိုကိုသည် ဒုရဲချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်အခြေစိုက် အမှတ် ၂ ရဲတပ်ရင်း ကွပ်ကဲရေးမှူး ရဲမှူးချုပ်အဖြစ် တာဝန်ယူစဉ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်း ဒင်ကျေးရွာမှ ရိုဟင်ဂျာများကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ် ဖြတ်ခဲ့သည့်ဖြစ်စဉ်အပေါ် စုံစမ်း ဖော်ထုတ်ရေးသားခဲ့သည့် ရိုက်တာသတင်းထောက်ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ကို ထောင်ချောက် ဆင်ဖမ်းဆီးခဲ့သူဖြစ်သည်။
တင်ကိုကိုသည် အဆိုပါ ရိုဟင်ဂျာများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအား ဖုံး ကွယ်ရန် ကြိုးပမ်းခဲ့သည့် ကြံရာပါတစ်ဦးလည်းဖြစ်သည်။
ထိုသို့ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ကြံရာပါတစ်ဦးဖြစ်သူ ရဲမှူးချုပ် တင် ကိုကိုကို စစ်တပ်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲတွင် မကွေးမြို့နယ်မှ အချိုးကျ ကိုယ်စားပြုစနစ် – PR ဖြင့် ကြံ့ဖွတ်ပါတီမှ ရွေးချယ်စေကာ ယခုအခါ တိုင်းဝန်ကြီးချုပ်အဖြစ် မင်း အောင် လှိုင် က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
စစ်ကိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ကိုလေး
——————————————————
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဖြစ်လာသူ ကိုလေးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၇ ကျောင်းဆင်း တစ်ဦးဖြစ်ပြီး စစ်တပ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းလွှတ်တော်အမှတ် ၂ မဲဆန္ဒနယ်မှ အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ခံရသူ ဖြစ်သည်။
၎င်းသည် စစ်တပ်တွင် ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ဒုဝန် ကြီးရာထူးတို့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းကို အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) ကိစ္စများနှင့် ပတ်သက်၍ ဖမ်းဆီး စစ် ဆေးခံရပြီးနောက် ၂၀၂၄ မေလ ၂၈ ရက်တွင် ဗိုလ်ချုပ် ကိုလေးအား မင်းအောင်လှိုင်က ဗိုလ် ချုပ်အောင်လင်းထွန်းနေရာတွင် အစား ထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
တနင်္သာရီဝန်ကြီးချုပ် ဗိုလ်ချုပ်ဟောင်း ဇော်နိုင်ဦး
——————————————————–
တနင်္သာရီတိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ဇော်နိုင်ဦးသည် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး (ကက ယာ) ညွှန်ကြားရေးမှူး တာဝန်ယူခဲ့သူ OTS – ၈၃ ကျောင်း ဆင်း ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး စစ်တပ် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှ အချိုးကျကိုယ်စားပြု စနစ် ဖြင့် ရွေးချယ်ခံရသူဖြစ်သည်။
ဧရာ၀တီဝန်ကြီးချုပ် အေးကျော်
————————————
ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဖြစ်လာသူ အေးကျော်သည် စစ်တပ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ်မှ အနိုင်ရလာသူဖြစ်ပြီး ယခင် ဦးသိန်းစိန်အစိုးရလက်ထက်က ဧရာဝတီတိုင်းအစိုးရအဖွဲ့ အတွင်းရေး မှူး တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
ထိုသို့ တိုင်းအတွင်းရေးမှူးအဖြစ်တာဝန်ယူစဉ် အာဏာ အလွဲသုံး စားမှုဖြင့် နာမည်ကျော်ကြားသူဖြစ်ပြီး မတရား မြေသိမ်းမှုများ တိုင်ကြားခံရပြီးနောက် နှုတ်ထွက် သည်ဟု ဆိုကာ အနားပေးခံရသူဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦး သိန်းအောင်၏ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ဂေါ်ရန်ဂျီဒေသအပါအဝင် မြေယာအချိုကို သိမ်းယူခဲ့သည်။
၎င်း၏ ဆရာဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သိန်းအောင်သည်လည်း NLD အစိုးရကို အာဏာလွှဲ သည့်အခါ ဧရာဝတီတိုင်း၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၅ ဒဿမ ၂ ဘီလျံကျော်ကို ၎င်းတို့စိတ် ကြိုက်ဖွဲ့စည်းထားသည့် “ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” သို့ ပြောင်းရွှေ့ ကာ အလွဲသုံးရန် ကြိုးပမ်းခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။
မွန်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်သန်းဝင်း
————————————————–
မွန်ဝန်ကြီးချုပ်ဖြစ်လာသူ ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် ဓညဝတီရေတပ်စခန်း ဌာနချုပ်တွင် ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်ကြောင်း၊ မင်းအောင်လှိုင်စေလွှတ်သည့် တိုင်းနှင့် ပြည် နယ်လွှတ်တော် အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထဲတွင် တစ်ဦး တည်းသော ဗိုလ်မှူးချုပ်အဆင့်ဖြစ်ကာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်စေခိုင်းခံရသူဖြစ်သည်။
ဗိုလ်မှူးချုပ် အောင်ဝင်းသန်းသည် မော်လမြိုင်မြို့ ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၀ သင် တန်းဆင်း အရာရှိ တစ်ဦး ဖြစ်ကာ စစ်တပ်တွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ မင်းအောင်လှိုင်၏ ဂုဏ်ထူးဆောင်လက်မှတ် လက်မှတ် လည်း ချီးမြှုင့်ခံထားရသူဖြစ်သည်။
ရခိုင်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း နိုင်ဦး
———————————————
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာသူ ဦးနိုင်ဦးသည် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်ပြီး မလေးရှား နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ရေ၊လေ) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ စစ်တပ်၏ အတု အယောင် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်တွေမြို့နယ် အမှတ် ၁ မှ ကြံ့ဖွတ်ပါတီ ကိုယ်စားပြု အနိုင်ရရှိခဲ့သူဖြစ်သည်။
ကယားဝန်ကြီးချုပ် ကြံ့ဖွတ် အံ့မော်
—————————————–
ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာသူ ဦးအံ့မော်သည် စစ်တပ်က အတု အယောင်ပြုလုပ်သည့် ရွေး ကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ဖွတ်ပါတီမှ အချိုးကျ ကိုယ်စားပြုစနစ် -PR နေရာမှ ဝင်ရောက်ရွေး ချယ် ခံခဲ့သော်လည်း အနိုင်ရရှိခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့သည်။
၎င်းသည် ယခင် NLD အစိုးရလက်ထက်ကတည်းက ကယား ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ထားသူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအဖြစ် ဆက်လက် တာဝန်ယူခဲ့သူဖြစ်သည်။
ပဲခူးဝန်ကြီးချုပ် ရဲအရာရှိဟောင်း မျိုးဆွေဝင်း
———————————————-
ပဲခူးတိုင်းဝန်ကြီးချုပ်ဖြစ်သူ မျိုးဆွေဝင်းသည် စစ်တပ်မှ အရာရှိတစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ နဝတ လက်ထက်တွင် စစ်တပ်မှ ရဲတပ်ဖွဲ့သို့ ဒုရဲမှူးအဆင့်ဖြင့် ကူးပြောင်းကာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး။ မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရကဖ ၁ ကွက်ကဲရေးမှူး ရဲဦးစီးအရာရှိချုပ် စသည့်တာဝန်များထမ်း ဆောင်ခဲ့သူဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဒုရဲချုပ် ၁ အဖြစ်ခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သော် အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်က ပဲ ခူးတိုင်းဝန်ကြီးချုပ်အဖြစ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြန်လည် ခန့် အပ်ခဲ့သည်။
ယခုအရပ် သားပုံစံ အပြောင်းအလဲတွင်လည်း ၎င်းကို ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးရောက်ရွေးချစေကာ တိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် ခန့်အပ်ခံခဲ့ရခြင်းဖြစသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် စစ်ဆေးအရာရှိဟောင်း ဒေါက်တာဝုန်ဆွင်းထန်
————————————————————————–
မင်းအောင်လှိုင်၏ လူယုံဖြစ်သကဲ့သို့ ကြံ့ဖွတ်ပါတီ၏ ချင်းပြည်နယ်ဆိုင်ရာ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ တိုင်းရင်းသားဖြစ်သော်လည်း စစ်တပ်နှင့် ကြံ့ဖွတ်ပါတီကို အလွန်သစ္စာရှိသော စစ်တပ်ဆေးအရာရှိဟောင်းဖြစ်သည်။
စစ်တပ်၏ ဆေးတပ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်၊ ပါမောက္ခအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော ဆရာဝန်တစ်ဦးဖြစ်သည်။ လက်ရှိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ၂၀၂၆ ခုနှစ်၊ မတ်လမှစ၍ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ပြီး ဧပြီ ၆ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထပ်မံတင်မြှောက်ခံရသည်။
စစ်အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီး ချုပ် ဖြစ်လာခဲ့သူဖြစ်သည်။ ရန်ကုန်ဆေးတက္ကသိုလ် ၁ မှ ဘွဲ့ရ ဆရာဝန်တစ်ဦးဖြစ်သော်လည်း စစ်တပ်သို့ ဝင်ရောက်ခဲ့သူလည်းဖြစ်သည်။
သန်းရွှေလက်ထက် ၁၉၉၃ ခုနှစ်တွင် မတူပီမြို့နယ်၏ ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသည်။ ဒေါက်တာဝုန်ဆွန်းထန်မှာ ၂၀၁၅ ခုနှစ်တွင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ် ပါမောက္ခတာဝန်မှ အနားယူခဲ့ပြီး ကြံ့ဖွတ်ပါတီ၏ ချင်းပြည်နယ် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်
———————————–
မန္တလေးတိုင်းဝန်ကြီးချုပ်နေရာကို လက်ရှိ ဝန်ကြီးချုပ် မျိုးအောင်ကိုပင် မင်းအောင်လှိုင်က အဆိုပြုခန့်အပ်ခဲ့ပြီး စစ်အာဏာ သိမ်းပြီးချိန် ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ တွင် မန္တလေးတိုင်းအစိုးရအဖွဲ့ ၏ သယံဇာတရေးရာဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်တွင် မန္တလေးဝန်ကြီးချုပ်ဖြစ်လာပြီး ၂၀၂၅ ရွေး ကောက် ပွဲတွင် ကြံ့ဖွတ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ သည်။
သူသည် မန္တလေးစည်ပင်တွင် ဝန်ထမ်းဘ၀ဖြင့် တစ်သက်လုံး တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည်။












