30 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဒရုန်း၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဒရုန်း၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် နတ်တလင်းမြို့နယ်၊ ကျွန်းလေးပင်ရွာနှင့် ချောင်းခမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကလည်း ပဲမခမ်းရွာမှ သာယာကုန်းရွာဘက်ကို ထပ်မံဝင်ရောက်လာပြီး သာယာကုန်းရွာတွင် ယာယီတပ်စွဲကာ ချောင်းခမ်းကြီးရွာနှင့် ကျွန်းလေးပင်ရွာဘက်ကို လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးများနှင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်း စစ်တပ် စစ်ကြောင်းမှ စစ်သားတချို့သည်လည်း စံကြီးလောင့်ရွာနှင့် ငုတ်တိုရွာများဘက်ကို တပ်ဖြန့်ထားပြီး ညောင်ဝိုင်းခွေးသေရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ကလည်း ကျွန်းလေးပင်ရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“ဒီနေ့လည်း စစ်ခွေးတွေက ကျွန်းလေးပင်ရွာနဲ့ ချောင်းခမ်းကြီးရွာတွေကို စက်တပ်လေထီးတွေနဲ့ ဗုံးကျဲသွားတယ်။ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်လာရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ပြည်သူတွေကိုလည်း စစ်ခွေးတွေက ဖမ်းဆီးထားတယ်။ စစ်ခွေးတွေက ရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ နေအိမ်အများအပြားပျက်စီးပြီး မီးလောင်ပြာကျတာတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပဲမခမ်းရွာ၊ သာယာကုန်းရွာ၊ ကန်သာယာရွာ၊ ချောင်းခမ်းကြီးရွာ၊ ကျွန်းလေးပင်ရွာ၊ စံကြီးလောင့်ရွာ၊ ခွေးသေရွာ၊ သရက်ပုဂံရိုးရွာ၊ ညောင်ဝိုင်းရွာ၊ ဖလံပင်ရွာ၊ ရှားစေးဖိုရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ လယ်မအင်းရွာ၊ မကျီးပင်ရွာ၊ အုန်းဖိုကုန်းရွာ၊ ဘန့်ဘွေးကုန်းရွာနှင့် ခွေးသေသခွတ်ကုန်းရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ရေရှားပါးခြင်းနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဧပြီလ ၅ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကန်သာယာရွာကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ထွက်ပြေးတိမ်းရှောင်သူများကို လိုက်လံ ဖမ်းဆီးရာ ပြည်သူ ၁၀၀ ကျော် လူသားဒိုင်း အဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာဘက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article