ရန်ကုန်၊ ဧပြီ ၁၀
စစ်ယူနီဖောင်းချွတ် အဝတ်သစ်လဲ၍ အရပ်သားအယောင်ဆောင်ထားသော စစ်အာဏာ ရှင်ကို နိုင်ငံတကာက တရားဝင်မှုမပေးရန်နှင့် မြန်မာ့အရေး ICC တရားရုံးသို့ လွှဲပြောင်းရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် အာရှလွတ်လပ်သောရွေးကောက်ပွဲဆိုင်ရာကွန်ရက် (ANFREL) တို့က ယနေ့ ပူးတွဲအစီရင်ခံစာတစ်ရပ် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
အကြမ်းဖက်စစ်တပ်က ၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အတွင်း အဆင့်ဆင့်ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် တရားမဝင်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဤရွေးကောက်ပွဲရလဒ်များကို အပြတ်အသတ်ငြင်းပယ်လိုအပ်ကြောင်း “Old Generals, New Clothes” ဟု အမည်ပေးထားသည့် အစီရင်ခံစာ ထုတ်ပြန်၍ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်မှုအယောင်ပြရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး စစ်တပ်ကပင် စည်းမျဉ်းများသတ်မှတ်ကာ ၎င်းတို့စိတ်ကြိုက်ရွေးချယ်ထားသူများဖြင့်သာ ကစားခဲ့သည့် ပွဲတစ်ပွဲဖြစ်ကြောင်း အစီရင်ခံစာက အသေးစိတ်လေ့လာစိစစ်၍ ထောက်ပြထားသည်။
စစ်ကောင်စီ၏ “ဟန်ပြ” ရွေးကောက်ပွဲနှင့် အဓိကတွေ့ရှိချက်များကို အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြခဲ့ပြီး စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျောက်ဖျက်ရန်နှင့် မင်းအောင်လှိုင် သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက် အဆိုပါရွေးကောက်ပွဲကို အစီအစဉ်တကျ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
စစ်တပ်၏ ရွေးကောက်ပွဲသည် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီမှုမရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်သုံးဆင့်ဖြင့် ကျင်းပခဲ့သော ထိုရွေး ကောက်ပွဲများသည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် စစ်မှန်သော ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများကို လုံးဝ (လုံးဝ) ပြည့်မီခြင်းမရှိကြောင်း၊ နိုင်ငံ၏ ၄၂ ရာခိုင်နှုန်းသော နယ်မြေများတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် ဖိနှိပ်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသည့်ကြားမှ ဇွတ်အတင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဝေဖန်ထားသည်။
စစ်ကောင်စီ၏ အနှစ်သာရမရှိသော ရွေးကောက်ပွဲကို မြန်မာပြည်သူများက တခဲနက် ဆန့်ကျင်ငြင်းပယ်ခဲ့ကြပြီး ယင်းသည် စစ်ကောင်စီအတွက် နိုင်ငံရေးအရ အရှုံးကြီးတစ်ခု ဖြစ်စေခဲ့သည်ဟု အစီရင်ခံစာက ဆက်လက်ထောက်ပြသည်။
အစီရင်ခံစာတွင် စစ်ကောင်စီ၏ ကြံ့ခိုင်ရေးပါတီ (USDP) သည် ၎င်းတို့စိတ်ကြိုက် ရေးဆွဲထားသည့် ရွေးကောက်ပွဲစနစ်အောက်တွင်ပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲအရေအတွက် ၄၄ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့ကြောင်း၊ ယင်းသည် ပြည်သူများအပေါ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် အကျပ်ကိုင်ခြင်းများ ရှိနေသည့်ကြားမှ ပြည်သူများက စစ်ကောင်စီ၏ လက်ဝေခံပါတီကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့မှစ၍ နိုင်ငံရေးပါတီများ ရွေးချယ်မှုအထိ အားလုံးသည် USDP အနိုင်ရရှိရေးအတွက်သာ အကွက်ချစီစဉ်ထားခြင်း ဖြစ်သည်။
ANFREL ၏ အမှုဆောင်ဒါရိုက်တာ Brizza Rosales က “ဒီရွေးကောက်ပွဲဟာ သက်သေအထောက်အထားတွေအရရော မြေပြင်က အစစ်အမှန်ဘဝတွေအရပါ တရားဝင်မှု လုံးဝမရှိဘူး။ ဒါဟာ ပြည်သူ့ဆန္ဒမဟုတ်ဘဲ နိုင်ငံတကာစံနှုန်းတွေအောက် အများကြီးနိမ့်ကျနေတဲ့ လုပ်ငန်းစဉ်သာ ဖြစ်တယ်” ဟု ပြောကြားသည်။
စစ်ကောင်စီ၏ အကွက်ချစီစဉ်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအစီရင်ခံစာတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံကို ဘက်ပေါင်းစုံမှ ပျက်စီးအောင် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးခြင်းနှင့် အဓမ္မနေရပ်စွန့်ခွာစေခြင်းတို့ကို မူဝါဒတစ်ခုအဖြစ် အသုံးချခဲ့သည်။
စစ်တပ်အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးချကာ ၎င်း၏ ရွေးကောက်ပွဲအတွက် လမ်းခင်းခဲ့သည်။
SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee က “စစ်ကောင်စီက ဥပဒေကို ဖိနှိပ်ရေးကိရိယာအဖြစ် နှစ်ပေါင်းများစွာ သုံးခဲ့တာပါ။ ဒါကိုမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ ဘယ်နိုင်ငံမဆို စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေ ဖြစ်သွားလိမ့်မယ်” ဟု ပြတ်သားစွာ သတိပေးသည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော စစ်မီးများကြားမှ မြန်မာ့နွေဦးတော်လှန်ရေးသည် အံ့အားသင့်ဖွယ် ခံနိုင်ရည်ရှိရှိဖြင့် ဆက်လက်ရှင်သန်နေကြောင်း၊ အရပ်သားအုပ် ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် အတွက် ဘုံသဘောတူညီချက်များကို အောင်မြင်စွာ တည်ဆောက်နေကြောင်း အစီရင်ခံစာ ဖော်ထုတ်ထားသည်။
ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တွင် စစ်ကောင်စီကို လျစ်လျူရှုကာ ပြည်သူများက မိမိတို့ဘာသာ ဖော်ဆောင်နေသော အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခြေလှမ်းသစ်များ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
SAC-M နှင့် ANFREL တို့က မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီမျှော်မှန်းချက်များကို ကူညီပံ့ပိုးပေးရန် အာဆီယံ (ASEAN) နှင့် ကုလသမဂ္ဂ (UN) တို့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းချက်များ ထုတ်ပြန်ထားပြီး အဓိကအားဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲရလဒ်ကို အပြတ်အသတ်ငြင်းပယ်ရန်နှင့် ၎င်းတို့၏ အစိုးရအဖွဲ့သစ်ကို အသိအမှတ်မပြုရန်၊ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန်နှင့် အာဆီယံအစည်းအဝေးများမှ စစ်ကောင်စီကို ဖယ်ထုတ်ထားရန် တောင်းဆိုသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် အရပ်ဘက်အဖွဲ့အစည်းများကို နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရန်၊ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီများ စစ်တပ်ထံသို့ တင်ပို့မှုများကို ချက်ချင်းရပ်တန့်ရန်၊ မြန်မာ့စီးပွားရေးဘဏ်ကဲ့သို့သော စစ်တပ်ပိုင်ဘဏ်များနှင့် လုပ်ငန်းစုများကို ထိရောက်သော ဘဏ္ဍာရေးပိတ်ဆို့မှုများ လုပ်ဆောင်ရန်လည်း ဆက်လက်တိုက်တွန်းသည်။
အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံကိစ္စကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန် ဆုံးဖြတ်ချက်အသစ်များ ချမှတ်ရန်လည်း တောင်းဆိုထားသည်။
စစ်တပ်က ယူနီဖောင်းချွတ်ကာ အရပ်သားအယောင်ဆောင်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ကြောင်း အစီရင် ခံစာက ပြတ်ပြတ်သားသား သတိပေးခဲ့ပြီး မြန်မာ့အရေးအတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ပြည်သူများ ရွေးချယ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကိုသာ နိုင်ငံတကာက အားပေးကူညီရန်ဖြစ်ကြောင်း SAC-M နှင့် ANFREL တို့က နိုင်ငံ တကာသို့ ရှင်းလင်းပြောဆိုထားသည်။
ဓာတ်ပုံ- Agency ။




