ရန်ကုန်၊ ဧပြီ ၁၁
ယခု ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ခုနှစ် မကုန်ခင် လက်ကျန် အဆုံးအဖြတ်တိုက်ပွဲများကိုလက်စ သိမ်းအောင်ပွဲခံရေး လုံး၀ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်ကြရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အမိန့်ပေး ညွှန်ကြားသည်။
ယမန်နေ့ ကျရောက်သော ၁၇ နှစ်မြောက် AA-အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အထက်ပါအတိုင်း ညွှန်ကြားလာခြင်းဖြစ်သည်။
AA အနေဖြင့် မိမိတို့၏ ပေးဆပ်ထားမှုများကို တစ်ခုမှ အလဟဿမဖြစ်စေရေးအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားရမည်ဖြစ်ပြီး နိုင်ကို နိုင်ရမည်၊ အောင်ကိုအောင်ရမည်ဟု ယုံကြည်ချက်၊ သန္နိဋ္ဌာန်တို့နှင့်အတူ တိုက်ပွဲဝင်ကြရန် ၎င်းက ညွှန်ကြားသည်။
“လက်ကျန် အဆုံးအဖြတ် တိုက်ပွဲများကို ယခု ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် မကုန်ခင် လက် စသိမ်း အောင်ပွဲခံနိုင်ရန် လုံးဝယုံကြည် ချက်ဖြင့် လုပ်ဆောင်စရာရှိသည်များကို ဆက် လက် လုပ်ဆောင်သွားကြရန်။ ခြွင်းချက်အနေဖြင့် ယင်းကာလရောက်၍ မပြီးနိုင်သေးလျှင် လည်း အဆုံးအထိ တိုက်ပွဲဝင်သွားကြရန် ဖြစ်သည်။ ငါတို့၏ ပေးဆပ်ထားမှုများ တစ်ခုမျှ အလဟဿ မဖြစ်စေရ။ နိုင်ကို နိုင်ရမည်၊ အောင်ကို အောင်ရမည်ဟူသော ယုံ ကြည် ချက်၊ သန္နိဋ္ဌာန်တို့နှင့်အတူ ငါတို့ ဆက်လက်ပြီး အပြတ်သားဆုံး တိုက်ပွဲဝင်ကြရန် ၁၇ နှစ်မြောက် တပ်တော်နေ့မှာ လမ်းညွှန်မှာကြားလိုက်သည်”ဟု AA စစ်ဦးစီးချုပ်က ပြောဆိုသည်။
အာရက္ခတပ်တော်နှင့် အာရက္ခပြည်သူတို့၏ ၁၇ နှစ်တာ တိုက်ပွဲဝင် ရုန်းကန်ကြိုးစားမှုကြောင့် အာရက္ခနယ်မြေအများစုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်လာပြီဖြစ် ကြောင်း၊ ၁၇၈၄ ခုနှစ် ရက္ခိုင်အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း နှစ်ပေါင်း ၂၄၂ နှစ်အတွင်း အာရက္ခပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာဖြင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော အမျိုးသားလှုပ်ရှားမှုကြီးပင်ဖြစ်ကြောင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) ၏ ခိုင်မာသောဦးဆောင်မှု၊ လူထုအလွှာပေါင်းစုံ လွှမ်းခြုံပါဝင်သော တရားသောစစ်ပွဲကြီးဖြစ်ကြောင်း၊ နှစ်ပေါင်းရာဇဝင်ရှိခဲ့ပြီးသော ဆုံးရှုံးခဲ့ရသည့် ရက္ခိုင့်အာဏာရရှိရေး အာရက္ခပြည်သူများ၏ တရားသောစစ်ပွဲ၊ အမျိုးသားလွတ် မြောက်ရေးစစ်ပွဲဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
ယင်းအပြင် ဘဝတူအဖိနှိပ်ခံတော်လှန်ရေး မိတ်ဖက်အင်အားစုတို့ကို စာနာနားလည်မှု မှန်ကန်သော စေတနာတို့နှင့် တတ်နိုင်သမျှ လက်တွဲ ဖေးမကူညီကာ ဘုံရန်သူကို အတူတူလက်တွဲ တိုက်ပွဲဝင်ကြရန်၊ မဟာမိတ်များကို အလေးအနက်တန်ဖိုးထား၊ အပြန်အလှန်ကူညီ ဆက်လက်တိုက်ပွဲဝင်သွားကြရန် ၊ အပြန်အလှန်စာနာနားလည်မှု၊ လေးစားတန်ဖိုးထားမှု၊ စည်းလုံးညီညွတ်မှု၊ လက်တွဲကျသော တိုက်ပွဲတို့နှင့်အတူ လက်တွဲတိုက်ပွဲဝင်ကြရန် ၎င်းက ညွှန်ကြားသည်။
လက်ရှိ ကာလတွင်လည်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး ဆက်စပ်ရေးကဏ္ဍတိုင်းတွင အဆင်ပြေပြေ အောင်မြင်လည်ပတ်နိုင်ရေး မှန်ကန်ရေးမူဝါဒများနှင့် ကောင်း မွန်သောပတ်ဝန်းကျင်ကို တည်ဆောက်ထားနိုင်ရန် အရေးကြီးကြောင်း၊ အာရက္ခတပ်တော်အနေဖြင့် “တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း မရပ်မနားတိုက်ပွဲဝင်” ရမည်ဟု AA စစ်ဦးစီးချုပ်က ဆက်လက်ပြောဆိုသည်။
ယင်းအပြင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသော အပြစ်မဲ့ ပြည်သူများ၏ အသက်တစ်ချောင်းစီအတွက် တရားမျှတမှု ရရှိစေရန် ကြိုးစားရမည်ဖြစ်ပြီး နိုင်ငံတကာတရားရုံးဆိုသည်ထိက် ပို၍ လက်တွေ့ကျသော ကိုယ့်အင်အားကိုယ် ဗဟိုပြုတည်ဆောက်ပြီးကာ အထူးတလည် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အင်အားရှိမှ တရားမျှတမှု ရရှိနိုင်ကြောင်း၊ တရားမျှတမှု ဆောင်ကြဉ်းနိုင်ရန်၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန် အဆုံးအထိ တိုက်ရမည်ဖြစ်ကြောင်း၊ သူက ထုတ်ဖော်ပြောဆိုသည်။
AA က ရခိုင်ပြည်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ ငပလီ၊ တောင်ကုတ်၊ အမ်း နှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့တို့ကို အလုံးစုံ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။




