ရန်ကုန်၊ ဧပြီ ၁၃
မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိပြီး အကျပ် အတည်းများ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောဆိုသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်လိုက်သော အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး၏ ၂၀၂၆ ခုနှစ် မြန်မာ့အတာသင်္ကြန်ပွဲတော် နှစ်သစ်ကူးကာလ ဆုမွန်တောင်းစကားတွင် ထိုသို့ ပြောဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းလျက်ရှိသော်လည်း အဆိုပါ အကျပ် အတည်းများ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးရန် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားကြောင်း၊ မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ် တလဲလဲ ပြသခဲ့ကြပြီး ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသည်။
သင်္ကြန်၏ အနှစ်သာရက မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိ ပေးနေသည့်အတိုင်း မြန်မာပြည်သူများအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နှင့် လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိပါစေကြောင်း မိမိတို့ ဆုမွန်ကောင်းတောင်းအပ် ကြောင်း၊ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူ ပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား မိမိက နွေးထွေးစွာ ဆုမွန်ကောင်းတောင်းလျက် အားပေးစကား ပြောကြားလိုကြောင်း ထုတ်ပြန်ထားသည်။
သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ပြောဆိုထားသည်။
အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်ပြီး မြန်မာ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်မပြုဘဲ စစ်အာဏာသိမ်းမှုတွင် ပါ ဝင်ပတ်သက်နေ စစ်ဗိုလ်ချုပ်များ၊ လူပုဂ္ဂိုလ်များ၊ ခရိုနီများ နှင့် အဖွဲ့အစည်းများကို စီးပွားရေးပိတ်ဆို့မှုများ ဆက်တိုက်ချမှတ်လျက်ရှိသည်။




