38 C
Yangon

နေပြည်တော် တပ်ကုန်းတွင် စစ်မှုထမ်းကြေးပေးထားသည့်ကြားမှ လူငယ်များ ပေါ်တာဆွဲခံနေရပြီး သင်္ကြန်ကာလတွင်ပါ ပေါ်တာဆွဲမည်ဟု အုပ်ချုပ်ရေးမှူး မြင့်ဆွေက ခြိမ်း ခြောက်

Must read

ရန်ကုန်၊ ဧပြီ ၁၃

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး မြင့်ဆွေ(ခ) မောင်ပုလေးက စစ်မှုထမ်းကြေးအမည်တပ်ကာ ငွေကြေးများ အတင်းအကျပ်ကောက်ခံနေပြီး၊ ငွေပေးဆောင်ထားသည့်ကြားမှ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် သင်္ကြန်ကာလအတွင်း၌လည်း ထပ်မံဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ မောင်ပုလေး (ခေါ်) မြင့်ဆွေ သည် စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီကို အတင်း အကျပ် လိုက်လံကောက်ခံလျက်ရှိသည်။

အဆိုပါငွေကို မပေးဆောင်နိုင်ပါက သင်္ကြန်ကာလအတွင်း ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမည်ဟု အသိပေးခြိမ်းခြောက်ထားခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောပြချက်အရ အင်ပင်ကျေးရွာသားများသည် ယခင်ကလည်း စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀,၀၀၀ စီဖြင့် ၄ ကြိမ်တိုင်တိုင် ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ငွေပေးဆောင်ပြီး ၁၀ ရက်ခန့်အကြာတွင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကျေးရွာအတွင်းရှိ နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အင်ပင်တောင်ရွာနှင့် အင်ပင်မြောက်ရွာတို့မှ လူငယ် ၅ ဦး ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရသည်။

လက်ရှိတွင် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ထပ်မံတောင်းခံလာသော်လည်း “ငွေပေးသော်လည်း ဖမ်းဆီးခံနေရသည့်” အခြေအနေကြောင့် ကျေးရွာသားများမှာ ငွေပေးဆောင်ရန် ဝန်လေးနေကြသည်။

ထိုသို့ ငွေမပေးလိုကြသည့်အပေါ် အုပ်ချုပ်ရေးမှူးက “ငွေမပေးပါက ရွာထဲအထိဝင်ဖမ်းမည်” ဟု ထပ်မံခြိမ်းခြောက်လာသဖြင့် အိမ်ခြေ ၈၀၀ ကျော်ရှိသော အင်ပင်ကျေး ရွာအုပ်စုတစ်ခုလုံးမှာ အခက်တွေ့နေကြရသည်။

ယခုကဲ့သို့ သင်္ကြန်အခါသမယတွင် ပျော်ရွှင်စွာ ဆင်နွှဲရမည့်အစား အုပ်ချုပ်ရေးမှူး၏ ငွေညစ်တောင်းခံမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမည့် အန္တရာယ်များကြောင့် လူငယ်များနှင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်ကာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article