ရန်ကုန်၊ ဧပြီ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဒေသဆိုင်ရာအာဏာပိုင်များက ဦးစီးကျင်းပသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲ၌ ယမန်နေ့ (ဧပြီလ ၁၃ ရက်) သင်္ကြန်အကြိုနေ့ ညပိုင်းမှစတင်ကာ ဂိတ်ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကောက်ခံနေကြောင်း သိရှိရသည်။
လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံအတွင်းရှိ ဗဟိုမဏ္ဍပ် စတိတ်ရှိုးပွဲသို့ သွားရောက်ကြည့်ရှုသည့် ပြည်သူတစ်ဦးက “ဒါဟာ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာနိုင်ငံက တခြား ဘယ်မြို့မှာမဆို ရိုးရာသင်္ကြန်ဖျော်ဖြေပွဲကို အခကြေးငွေပေးရတယ်လို့ မကြားဖူးပါဘူး။ အခုဟာက အာဏာပိုင်တွေ ဦးစီးကျင်းပတဲ့ ရိုးရာပွဲဖြစ်နေပါလျက်နဲ့ တစ်ယောက်ကို ကျပ်တစ်သောင်း ကောက်နေတာဟာ လုံးဝ မဖြစ်သင့်ပါဘူး” ဟု ပြောကြားသည်။
အဆိုပါ ဝင်ကြေးကောက်ခံမှု၏ နောက်ကွယ်တွင် လားရှိုးစည်ပင်သာယာရေးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူး ကျော်ဇင်က ကောက် ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျော်ဇင်သည် လွတ်လပ်ရေးပန်းခြံကို နှစ်ရှည်ငှားရမ်းထားသည့် လုပ်ငန်းရှင်ဖြစ်သူ တရုတ်လူမျိုး ကိုထွန်းနိုင်ကို သင်္ကြန်လေးရက် (အကြိုမှ အတက်အထိ) အတွက် ကန် ထရိုက်ပုံစံဖြင့် ငွေကျပ်သိန်း ၁၅၀ အား အတင်းအဓမ္မ ပေးသွင်းခိုင်းခဲ့ကြောင်း၊ ထိုသို့ ငွေအမြောက်အမြား ပေးသွင်းလိုက်ရသဖြင့် လုပ်ငန်းရှင်ဘက်က ပြည်သူများထံမှ ဝင်ကြေးပြန်လည်ကောက်ခံခြင်း ဖြစ်သည်ဟု သိရှိရသည်။
ယမန်နေ့ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် လွတ်လပ်ရေးပန်းခြံအတွင်း၌ ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် ရေကစားပွဲကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးက လာရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဗဟိုမဏ္ဍပ်တွင် လားရှိုးဒေသခံ အဆိုဝါသနာရှင်များ၏ စတိတ်ရှိုး သီဆိုမှုများနှင့် ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ ရှိနေသော်လည်း ယခုကဲ့သို့ ဝင် ကြေးကောက်ခံမှုကြောင့် ပွဲလာပြည်သူများအကြား စိတ်ပျက်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။





