ရန်ကုန်၊ ဧပြီ ၁၄
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ညွှန်ကြားထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်ရှိ နယ်မြေများ ဆုံးရှုံးထားရခြင်း၊ စစ်သားများစွာ ဖမ်းဆီးခံထားရခြင်းတို့ကြောင့် ရေပက်ပျော်ပါးရန် စိတ်မပါကြောင်း ဘူးလက်လှဆွေက တုံ့ပြန်ပြောဆိုလိုက်သည်။
ဧပြီလ ၁၂ ရက်နေ့တွင် ဘူးလက်လှဆွေက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် လက်ရှိဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအပေါ် စိတ်မသက်မသာဖြစ်နေရကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
ဘူးလက်လှဆွေက “သင်္ကြန်အကြိုနေ့ပေါ့နော်။ ကျနော်တို့ကို မဖြစ်မနေ ဖိတ်စာနဲ့ဖိတ်တဲ့ သင်္ကြန်ဖွင့်ပွဲတွေဘာတွေကတော့ လူမှုရေးအရ သွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာတော့ ဒီလိုကာလမှာ ရေပက်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်နေဖို့ စိတ်ထဲမှာ လုံးဝမပါပါဘူး။ ဒါက ကျနော့်စိတ်ရင်းအမှန်ကို ပြောတာပါ” ဟု ပြောကြားသည်။
၎င်းက ဆက်လက်ပြီး ရေပက်ကစားရန် စိတ်မပါရခြင်း၏ အဓိကအကြောင်းရင်းမှာ တိုင်းပြည်၏ နယ်မြေများ လက်လွှတ်ထားရခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုသည်။
“ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က ရှမ်းမြောက် ပြန်မရသေးဘူး။ ရခိုင်ပြန်မရသေးဘူး။ ကျနော်တို့ လူတွေအဖမ်းခံထားရတာ ပြန်မလွှတ်သေးဘူး။ ဒီအချိန်မှာ ကျနော်တို့က ပျော်ရွှင်ပြီး ရေပက်ကစားနေဖို့ရာ ကျနော့်အနေနဲ့ စိတ်မသန့်ဘူး။ အဲလိုခံစားရတယ်”ဟု သူက ပြောဆိုသည်။
ထို့ကြောင့် ယခုနှစ်သင်္ကြန်တွင် ရေပက်ထွက်ခြင်း၊ မဏ္ဍပ်ထိုင်ခြင်းနှင့် သောက်စားမူးယစ်ခြင်းများ ပြုလုပ်မည်မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် လက်ရှိတွင် ‘Counter-Offensive’ ဟုခေါ်သည့် တန်ပြန်တိုက်စစ်ကြီး မည်သည့်အချိန်တွင် စတင်မည်နည်းဆိုသည်ကိုသာ နား စွင့် မျှော်လင့်နေပြီး ထိုသို့ တိုက်စစ်ဆင်နိုင်မှသာလျှင် နှလုံးစိတ်ဝမ်း အေးချမ်းနိုင်မည်ဖြစ် ကြောင်း သူက ဆိုသည်။
စစ်ကောင်စီက သင်္ကြန်ပွဲတော်ကို နိုင်ငံရေးအရ အသုံးချကာ အခြေအနေများ တည်ငြိမ်နေသယောင် ပြသရန် ကြိုးပမ်းနေသော် လည်း ၎င်းတို့ကို ထောက်ခံသူများထဲတွင်ပင် ယခု ကဲ့သို့ စစ်ရေးရှုံးနိမ့်မှုများကြောင့် စိတ်ပျက်အားလျော့မှုများ ရှိနေကြောင်း ဘူးလက်လှဆွေ၏ ပြောကြားချက်များအရ သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ သမ္မတ ဖြစ်လာသည့်အထိမ်းအမှတ် အနေဖြင့် တစ်နိုင်ငံလုံး သင်္ကြန်ပွဲ တော်များ စည်ကားစွာ ကျင်းပရန်၊ လမ်းလျှောက်သင်္ကြန်များ မဖြစ်မနေ ကျင်းပကြရန် အမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။




