30.2 C
Yangon

လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ စစ်တပ်၏ ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့် ABSDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ

Must read

ရန်ကုန်၊ ဧပြီ ၁၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲသဝေါဒေသရှိ အကြမ်းဖက်စစ်တပ်၏ ကြယ်ပြောင်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၃ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်အတွင်းရှိ အဆိုပါ ကြယ်ပြောင်ကုန်းစခန်းသည် အကြမ်းဖက်စစ်တပ်၏ ပွိုင့် ၉၆၂ ဗျူဟာကုန်းစခန်းကို ကာကွယ်ပေးထားသည့် ကာကင်းစခန်းတစ်ခုဖြစ်ပြီး ယနေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ ABSDF ကလည်း ၎င်းတို့၏ ဗဟိုဌာနချုပ်ဖြစ်သော ဒေါင်းတမန်စခန်းမှ ရဲဘော်များသည် KNLA နှင့်အတူ ၎င်းစစ်ဆင်ရေးတွင် တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

KNU စစ်ရေးသတင်းရင်းမြစ်၏ ပြောပြချက်အရ မဲသဝေါဒေသတွင် အကြမ်းဖက်စစ်တပ်၏ တပ်စခန်း ၃ ခုသာကျန်ရှိတော့ပြီး စုစုပေါင်းအင်အား ရာဂဏန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။ အဆိုပါ စခန်းများသည် KNU ဌာနချုပ် မာနယ်ပလောတွင် ရှိစဉ်ကတည်းက စစ်တပ်က ကျူးကျော်ချထားခဲ့သော စခန်းများဖြစ်သည်။

“ဘားအံခရိုင် တပ်မဟာ ၇ ​နယ်မြေ မဲသဝေါ ဒေသမှာရှိတဲ့ စစ်ခွေးတွေရဲ့ ပွိုင့် ၉၆၂ ဗျူဟာကုန်း စခန်းရဲ့ ကာကင်း စခန်းတစ်ခုဖြစ်တဲ့ ကြယ်ပြောင်ကုန်းစခန်းကို KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ နှစ်ဘက်ထိခိုက်မှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အသေးစိတ်တော့ မသိရသေးဘူး” ဟု KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ကြယ်ပြောင်ကုန်းစခန်း တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အသေးစိတ်ကိုမူ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေးများသည် အရှိန်မြင့်တက်နေပြီး ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က တပ်မဟာ (၃) နယ်မြေရှိ လက်ယက်စခန်းနှင့် ဧပြီလ ၁၂ ရက်နေ့က တပ်မဟာ (၁) နယ်မြေရှိ လေးကေစခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article