ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း၊ ထီးလင်း-ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရွှေ ဘိုမြို့နယ်တွင် သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နေ့လယ်ပိုင်းတွင် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာစစ်လေယာဉ်ဖြင့် ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ ဆိပ်ခွန်ကျေး ရွာရှိ မဟာစည်သာသနာ့ရိပ်သာနယ်မြေ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး၊ အခြားသံဃာတော် ၂ ပါးနှင့် အရပ်သားပြည်သူ ၁ ဦးတို့ ထိခိုက်ဒဏ် ရာရရှိခဲ့သည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ သံဃာတော် ၂ ပါး ပျံလွန်တော်မူတယ်။ သံဃာတော် ၂ ပါးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်။ ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသက်အရွယ်တွေကိုတော့ ကျွန်တော် စုံစမ်းနေဆဲပါ။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်”ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျင်းပုံတောင်နတ်ထိပ်ကိုလည်း ဧပြီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ အဲဒီဘက်က ဆက်သွယ်ရေးလိုင်းတွေကိုလည်း ဖြတ်ထားတယ်။ ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ စစ်ကြောင်းအန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ကလည်း မုံရွာ နမခမှ တက်လာသော Gyrocopter ၃ စီးဖြင့် ထီးလင်းနှင့် ပေါက်မြို့နယ်အစပ်ကို ၃ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ဖာပွန်မြို့နယ်၊ ကျောက်ကွင်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓ ဗုံးထိမှန်၍ ပျံလွန်တော်မူခဲ့စဉ်။




