30 C
Yangon

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေ၊ နတ်မောက်တွင်လည်း စစ်တပ်က သမုန်းကုန်းကြီးရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၂ မိနစ်ခန့်တွင် မိတ္ထီလာ ရှမ်းတဲလေတက်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် အရာတော်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၁၁ နာရီခန့်နှင့် မွန်းလွဲ ၁ နာရီခန့်ကလည်း မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးနှင့် စက်တပ်လေထီးများက အရာတော်မြို့ တောင်ဘက်ခြမ်းနှင့် အရာတော်မြို့အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ကလည်း မုံရွာ နမခ မှ တက်လာသော အသေခံဒရုန်း ၃ စီးသည် အရာတော်မြောက်ခြမ်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။ အခုလည်း လေယာဉ်တွေ ဝဲနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်မောက်မြို့နယ်၊ သမုန်းကုန်းကြီးရွာရှိ ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် နတ်မောက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေဆဲဖြစ်၍ စစ်ရေးတင်းမာမှုများလည်းရှိကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့သွားတာပါ။ မနေ့ကရှို့တာ ပြည်သူပိုင် နေအိမ် ၁ လုံးပြာကျသွားတယ်။ ပြည်သူတွေက တိမ်းရှောင်နေကြတာဆိုတော့ ဖမ်းဆီးခံရသူတွေတော့ မရှိပါဘူး” ဟု ငါးပြေမ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article