30 C
Yangon

ဂျပန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံခြားအလုပ်သမားအသစ်များ စားသောက်ကုန်ဝန် ဆောင် မှုကဏ္ဍအတွက် ခေါ်ယူမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ၊ မြန်မာအလုပ်သမားများ ဂျပန်သွားရောက် အလုပ်လုပ်ရန် ပိုမိုခက်ခဲလာမည်

Must read

ရန်ကုန်၊ ဧပြီ ၁၄

ဂျပန်နိုင်ငံက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (Food Services) တွင် ကျွမ်းကျင်လုပ် သားအစီအစဉ် (Specified Skilled Worker – SSW) ဖြင့် မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားသစ် လက်ခံမှုကို ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်သည်ဟု AFP သတင်းတစ်ရပ်အရ သိရှိရသည်။

အဆိုပါ ရပ်ဆိုင်းမှုကြောင့် ဂျပန်သို့ သွားရောက်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာလုပ်သားများအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားသားအလုပ်သမားများကို ဂျပန်သို့ ပို့ဆောင်ပေးနေသည့် အေဂျင်စီတစ်ခုမှ မန်နေဂျာ Yoko Kono က လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ကာ စားသောက်ကုန်ကဏ္ဍမှ မြန်မာအလုပ်သမားအလိုရှိမှုမှာ အလွန်မြင့်တက်လာခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ စေလွှတ်ထားတဲ့ မြန်မာအလုပ်သမား ၁,၀၀၀ ခန့်အနက် အများစုက စောင့် ရှောက်ရေး (Nursing Care) ကဏ္ဍက ဖြစ်ပေမယ့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ တွေမှာရှိတဲ့ ထမင်းစားဆောင်တွေကိုလည်း စားသောက်ဆိုင်လုပ်ငန်းအဖြစ် သတ် မှတ်ထားတာကြောင့် အခုပြောင်းလဲမှုက မြန်မာလုပ်သားတွေအတွက် သက်ရောက်မှု ရှိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ဂျပန်အစိုးရက စားသောက်ကုန်ဝန်ဆောင်မှုကဏ္ဍတွင် ၂၀၂၈ ဘဏ္ဍာနှစ်အထိ ၅ နှစ်တာအတွင်း နိုင်ငံခြားသားလုပ်သား စုစုပေါင်း ၅၀,၀၀၀ ခန့်အထိ ခေါ်ယူရန် ခွဲတမ်း (Quota) သတ်မှတ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ အလုပ်သမား ၄၆,၀၀၀ ခန့် ခေါ်ယူပြီးဖြစ်ရာ သတ်မှတ်အရေအတွက် ပြည့်ရန် နီးကပ်နေခြင်းကြောင့် ယခုကဲ့သို့ ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များကလည်း ယခုဆုံးဖြတ်ချက်ကြောင့် လူခေါ်ယူရန် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

တိုကျိုမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ Naritsuka Shakir Khan က “ကျွန်တော် အခက်တွေ့သွားပါပြီ။ ဆိုင်မှာ ဝန်ဆောင်မှုပေးဖို့ ကျွမ်းကျင်တဲ့သူတွေ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် စားဖိုမှူးတွေက အရေးအကြီးဆုံးပါ” ဟု ပြောကြားသည်။

ဂျပန်နိုင်ငံသည် လူဦးရေလျော့နည်းလာမှုကြောင့် နိုင်ငံခြားသားလုပ်သားများအပေါ် ပိုမိုမှီခိုနေရသည်ဖြစ်ရာ ၂၀၂၅ ခုနှစ်ကုန်တွင် ဂျပန်၌ နေထိုင်သည့် နိုင်ငံခြားသားဦးရေမှာ ၄ သန်းကျော်အထိ ရှိလာခဲ့သည်။ ယခုလက်ရှိတွင် ဂျပန်အစိုးရအနေဖြင့် လုပ်ငန်းခွင်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ပြန်လည်သုံးသပ်နေကြောင်း သိရသည်။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကမူ ဂျပန်သို့ စား သောက်ကုန်ဝန်ဆောင်မှုကဏ္ဍ (SSW) ဖြင့် သွားရောက်ရန် ပြင်ဆင်နေသည့် မြန်မာအလုပ် သမား များအနေဖြင့် မိမိတို့၏ အေဂျင်စီများနှင့် ဆက်သွယ်ကာ နောက်ဆုံးရ သတင်းနှင့် အခြေ အနေများကို အစဉ်တစိုက် စောင့်ကြည့်သင့်ကြောင်း အကြံပြုအပ်ထားသည်။

“ဂျပန်မှာလည်း အာဏာရအစိုးရက လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ တင်းကျပ်လာတယ်။ နိုင်ငံခြားသားတွေကို သိပ်မလိုချင်တော့ဘူး။ အဲဒီတော့ အဲဒါက အတော်ကြီးကို မြန်မာအလုပ်သမားတွေ ဂျပန်မှာ စားသောက်ကုန်လုပ်ငန်းနဲ့ ခက်ခဲစေတော့မှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ၊ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် အဓိက ကျသည့် ဂျပန်ဘာသာစကား ကျွမ်းကျင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်လွှာ တိုးဝှေ့ယူနေကြသည့် မြန်မာလူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article