26 C
Yangon

ပြိုကွဲနေသော မြန်မာနိုင်ငံအတွင်းမှ မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကြောင့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေ

Must read

ရန်ကုန်၊ ဧပြီ ၁၅

မြန်မာ့မြေရှားသတ္တုအပေါ် တရုတ်၏ ချုပ်ကိုင်မှုကို အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစ တြေးလျတို့ပါဝင်သော Quad နိုင်ငံများအဖွဲ့ အတွက် အကျပ်အတည်း ဖြစ်နေကြောင်း Asia Times က ဧပြီလ ၁၄ ရက်နေ့တွင် ဖော်ပြထားသည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း အရေးပါသော တွင်းထွက်သယံဇာတများ လုံခြုံစိတ်ချရမှုရှိစေရန် ကြိုးပမ်းမှုများသည် လက်ရှိတွင် စိတ်မသက်သာစရာ အမှန်တရားတစ်ခုနှင့် ရင်ဆိုင်နေရသည်။

၎င်းမှာ ရှားပါးဒြပ်စင်ဖြစ်သော ရှားပါးမြေရှားသတ္တု (Heavy Rare Earth Elements – HREEs) များ တည်ရှိရာ ပထဝီဝင်အနေအထားသည် နိုင်ငံတကာက အသိအမှတ်ပြုထားသော အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ထပ်တူမကျနေခြင်းပင် ဖြစ်သည်။

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့်ဩစတြေးလျတို့ ပါဝင်သော Quad အဖွဲ့က ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် တရုတ်အပေါ် မှီခိုနေရမှုကို လျှော့ချရန် (De-risking) မဟာဗျူဟာကို အရှိန်မြှင့်နေစဉ် မြန်မာနိုင်ငံမြောက်ပိုင်းသည် ထိုကွင်းဆက်၏ အလှုပ်ခတ်ဆုံး အစိတ် အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ မြင့်မားသောအပူချိန်ဒဏ်ခံနိုင်သည့် သံလိုက်များ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ‘ဒစ္စပရိုစီယမ်’ (Dysprosium) နှင့် ‘တာဘီယမ်’ (Terbium) တို့ကို စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်ဘဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စီမံခန့်ခွဲသည့် နယ်မြေများမှ တူးဖော်ထုတ်ယူနေခြင်း ဖြစ်သည်။ တွင်းထွက်ပစ္စည်းတည်နေရာနှင့် အချုပ်အခြာအာဏာ ထိန်းချုပ်မှုအကြား ထပ်တူမကျသည့် ဤကွာဟချက်သည် ၂၀၂၆ ခုနှစ်၏ အဓိကမူဝါဒဆိုင်ရာ စိန်ခေါ်မှုကြီး ဖြစ်လာသည်။

လက်ရှိ ဝေဖန်သုံးသပ်ချက်အများသည် တူးဖော်မှုပမာဏ သို့မဟုတ် တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များကို ဖိအားပေးရန်အတွက် အသုံးပြုသည့် ‘နယ်စပ်ဂိတ်ပိတ်ဆို့မှု’ နည်းဗျူဟာများအပေါ်တွင်သာ အာရုံစိုက်နေကြသည်။ သို့သော် ပိုမိုနက်ရှိုင်းသည့် အခြေခံပြဿနာမှာ သန့်စင်ထုတ်လုပ်မှုကဏ္ဍ (Refining) ကို တရုတ်က လွှမ်းမိုးထားခြင်းပင် ဖြစ်သည်။

တရုတ်၏ အားသာချက်မှာ မြန်မာ့မိုင်းတွင်းများကို ပိုင်ဆိုင်ရုံသာမက သန့်စင်စက်ရုံများ၊ သတ္တုဗေဒဆိုင်ရာ ထုတ်လုပ်မှုများနှင့် သံလိုက်ထုတ်လုပ်ခြင်းနည်းပညာ (Downstream Black Box) ကိုပါ လက်ဝါးကြီးအုပ်ထားခြင်း ဖြစ်သည်။ Quad အဖွဲ့အတွက် အရင်းအမြစ်မျိုးစုံရှာဖွေရေး ဟု ပြောဆိုနေကြသော်လည်း လက်တွေ့တွင်အခက်အခဲ (၃) ခုကိုရင်ဆိုင်နေရသည်။

မြေရှားသတ္တု သန့်စင်ထုတ်လုပ်နိုင်စွမ်းရှိသည့် စက်ရုံများ တည်ဆောက်ရန်အတွက် ငွေလုံးငွေရင်း အမြောက်အမြားနှင့် နှစ်ပေါင်းများစွာ အချိန်ယူ ရင်းနှီးမြှုပ်နှံရခြင်း၊ အဆိုပါဒြပ်စင်များကို သန့်စင်ခြင်းသည် ဓာတုအဆိပ်အတောက် ဖြစ်စေသဖြင့် ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံရေးအရ လက်ခံရန်နှင့် စီမံခန့်ခွဲရန် ခက်ခဲခြင်း၊ ကချင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဇုန်များမှ ကုန်ကြမ်းရယူခြင်းသည် ဥပဒေကြောင်းအရရော ဂုဏ်သိက္ခာပိုင်းအရပါ စိန်ခေါ်မှုများ ရှိနေခြင်း တို့ဖြစ်သည်။

KIO သည် ချီဖွေ-ပန်ဝါ (Chipwi-Pangwa) ဒေသရှိ တွင်းထွက်နယ်မြေများကို ထိန်းချုပ်ထားခြင်းမှာ နယ်မြေအရသာမက အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု (Institutional) အရလည်း ခိုင်မာနေသည်။ ၎င်းတို့တွင် စနစ်တကျ အခွန်ကောက်ခံမှု၊ လိုင်စင်ထုတ်ပေးမှုနှင့် နယ်စပ်ကုန်သွယ်ရေး စီမံခန့်ခွဲမှုများ ရှိသည်။

ယင်းနေရာတွင် အချက် ၂ ချက်ကို ရှင်းလင်းစွာ သိမြင်ရန် လိုအပ်သည်။ ပထမအချက်မှာ သယံဇာတမှ ရရှိသော အခွန်ငွေကြောင့် ပဋိပက္ခဖြစ်ပွားနေခြင်း မဟုတ်ပေ။ ဤဝင်ငွေသည် KIO ကို အားကောင်းစေသည်မှာ မှန်သော်လည်း မြန်မာ့ပဋိပက္ခသည် မြေရှားဒြပ်စင်များ မပေါ်ပေါက်မီ ဆယ်စုနှစ်များစွာကတည်းက တည်ရှိနေခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ Quad အဖွဲ့ဝင်နိုင်ငံတစ်ခုခုက KIO နယ်မြေမှ ကုန်ကြမ်းများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း ရယူမည်ဆိုပါက မြန်မာစစ်ကောင်စီ (SAC) မဟုတ်သော အခြားလုပ်ပိုင်ခွင့်အာဏာရှိသည့် အဖွဲ့အစည်းတစ်ခုကို အသိအမှတ်ပြုရာ ရောက်နိုင်သည်ဟူသော ပထဝီနိုင်ငံရေး အမှန်တရားပင် ဖြစ်သည်။

အိန္ဒိယသည် Quad အဖွဲ့အတွင်း အခက်ခဲဆုံး အနေအထားတွင် ရှိနေသည်။ အိန္ဒိယသည် ကိုယ်ပိုင် တွင်းထွက်ပစ္စည်း ကွင်းဆက်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင် ၁,၆၀၀ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်တည်ငြိမ်ရေးနှင့် ၎င်းတို့၏ အရှေ့မြောက်ဘက်ရှိ သူပုန်အဖွဲ့များ အားကောင်းလာမည်ကိုလည်း စိုးရိမ်နေရသည်။

အိန္ဒိယအနေဖြင့် အာသံပြည်နယ် (Assam) တွင် မြေရှားသတ္တုသန့်စင်စက်ရုံများ တိုးချဲ့တည်ဆောက်ပြီး မြန်မာနိုင်ငံမှ ကုန်ကြမ်းများကို တင်သွင်းသန့်စင်ခြင်းအားဖြင့် တရုတ်၏ လက်ဝါးကြီးအုပ်မှုကို လျှော့ချနိုင်သည့် နည်းလမ်းရှိသည်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် မြန်မာစစ်နှင့်ရော KIO နှင့်ပါ သံတမန်ရေးအရ မျှတစွာ ဆက်ဆံရမည့် အနေ အထား ဖြစ်နေသည်။

လက်တွေ့အခြေအနေအရ Quad အဖွဲ့အနေဖြင့် တရုတ်၏ ချုပ်ကိုင်မှုကို ဖြိုခွဲရန် ကဏ္ဍ (၃) ခုတွင် ဆန်းသစ်တီထွင်သင့်သည်။ မြေရှား သတ္တု ကုန်ကြမ်းများအတွက် အထူး သဖြင့် ခြေရာခံနိုင်သည့် ယန္တရားတစ်ခု ဖော်ဆောင်ရန်နှင့် အခွန်ငွေစီးဆင်းမှု ပွင့်လင်းမြင်သာစေရန်၊ Quad နိုင်ငံများအတွင်း ကိုယ်ပိုင်သန့်စင်စက်ရုံများနှင့် မြေရှားသတ္တုထုတ်လုပ်သည့် အခြေခံအဆောက်အအုံများကို အရင်ဆုံး တည်ဆောက်ရန်၊ ယင်းသည်သာလျှင် တရုတ်၏ ဖိအားပေးမှုမှ ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

နောက်ဆုံးအချက်အနေဖြင့် ကချင်ပြည်နယ်အတွင်း မြေရှား သတ္တုဒြပ်စင်ထုတ်ယူမှုကြောင့် ပျက်စီးသွားသော ဂေဟစနစ်နှင့် ဒေသခံများ၏ ကျန်းမာရေးပြဿနာများကို ကုစားရန်အတွက် Quad က ကျောထောက်နောက်ခံပြုထားသည့် ရန်ပုံငွေတစ်ခု ထူထောင်ထားရန် လိုအပ်သည်။

ကမ္ဘာ့စိမ်းလန်းစိုပြည်ရေး (Green Transition) သို့ ကူးပြောင်းရာတွင် ကချင်ပြည်နယ်ရှိ ဒေသခံများမှာ ပတ်ဝန်းကျင်ပျက်စီးမှုနှင့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေရပြီး Quad အဖွဲ့အနေဖြင့် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို အကောင် အထည်ဖော်ရာတွင် ပဋိပက္ခဒေသများမှ ထွက်ရှိသည့် အရင်းအမြစ်များကို မည်သို့သော ကျင့်ဝတ်၊ သိက္ခာတရားနှင့်အညီ စီမံခန့်ခွဲမည်နည်း ဆိုသည်မှာ Quad အဖွဲ့ အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article