ရန်ကုန်၊ ဧပြီ ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် YGF (Ye Guerrilla Force – ရေးပြောက်ကျားတပ်ဖွဲ့) မှ ရဲဘော်တစ်ဦးကို DKBA ပူးပေါင်းဂိတ်မှ မနော်ဆိုသော အမျိုးသမီး၏ အမိန့်ပေးမှုဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့ ညပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ DKBA ပူးပေါင်းထားသော ချက်ပွိုင့်ဂိတ်၌ YGF မှ တော်လှန်ရေးရဲဘော်တစ်ဦး ကို ပစ်သတ်လိုက်ခြင်း ဖြစ်သည်။
“မနော်ဆိုတဲ့သူက DKBA ချက်ပွိုင့်ဂိတ်မှာ ကြီးစိုးနေတဲ့ သာကူးမက ပစ်မိန့်ပေးတာ။ ပစ်သတ်တာပေါ့။ မနော်ဆိုတာက DKBA ချက်ပွိုင့်ဂိတ်ကို ပိုင်သလိုတောင် ဖြစ်နေတဲ့ ဂိတ်ပိုင်ရှင်။ ပစ်သတ်ခံရသူက YGF က ဗိုလ်ကျန်ရစ်ရဲ့ ညီ လား၊ အစ်ကိုလားတော့မသိဘူး။ အဲဒါကို အဲဒီ စစ်ခွေးမ သာကူးမက ပစ်သတ်တာ” ဟု ဘုရားသုံးဆူဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရခြင်းမှာ သင်္ကြန်ကာလအတွင်း DKBA မှ ဗိုလ်အေဝမ်း၏ ယောက်ဖဖြစ်သူ အယ်ထီးကေ ဆိုသူက ဘုရားသုံးဆူတွင် ပစ်မိန့်ပေးထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘုရားသုံးဆူမြို့အတွင်း၌ DKBA အသွင်ယူထားသော စစ်ကောင်စီတပ်သားများသာ အများအပြား ရှိနေကြောင်း ဒေသခံများက ဆိုသည်။
တော်လှန်ရေးရဲဘော်ကို ပစ်သစ်ရန် အမိန့်ပေးခဲ့သော မနော်ဆိုသည့် အမျိုးသမီးသည် ခေတ်အဆက်ဆက် စစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရှာနေသူဖြစ်ပြီး ယခင်က BGF အဖွဲ့ဝင်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ သူမသည် ဗိုလ်အေဝမ်း၏ လူယုံဖြစ်သူ သားပုဆိုသူနှင့် ပေါင်းကာ DKBA တွင် ဆက်လက် လှုပ်ရှားနေသူ ဖြစ်သည်။
ထို့အပြင် မနော်သည် လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့် ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်တို့ တရားဝင်တွေ့ဆုံနိုင်ရန် စီစဉ်ပေးခဲ့သူဖြစ်ပြီး၊ စစ်တပ်တပ်ရင်းမှူးများနှင့်လည်း နီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။






