ရန်ကုန်၊ ဧပြီ ၁၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ ၃ ခုမှ နေအိမ် ၂၈၀ ကျော်ပျက်စီးပြီး ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့ပြီး ချောင်းဝရွာ၊ မြို့ကိုင်ရွာနှင့် ကွပ်သစ်ရွာတို့မှ နေအိမ် ၂၈၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုအတွင်း ကလေးငယ်များ အပါအဝင် ကျေးရွာနေပြည်သူများ ထိခိုက်မှုရှိပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ ပျက်စီးသွားသော နေအိမ်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း တော်လှန်ရေး ရဲဘော်များက သွားရောက် ကူညီပေးခဲ့ကြောင်း သိရှိရသည်။
“ကြို့ပင်ကောက်မြို့နယ်မှာ မနေ့က လေပြင်းတိုက်လို့ နေအိမ်တွေ ပျက်စီးသွားတယ်။ ရွာသုံးရွာက နေအိမ် ၂၈၀ ကျော်ပျက်စီးတယ်။ နေအိမ်တချို့ဆို လုံးဝ ပြိုကျပျက်စီးသွားတာ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ ကလေးငယ်တွေလည်း ပါတယ်။ ဒဏ်ရာအခြေအနေတွေကတော့ မစိုးရိမ်ရပါဘူး” ဟု ဒေသပြည်သူများက ပြောဆိုသည်။
နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်း အပူချိန်ပြောင်းလဲမှုများကြောင့် စိုက်ဆင်းလေပြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်တတ်သဖြင့် နေအိမ်များ၊ စာသင်ကျောင်းများနှင့် စစ်ရှောင်စခန်းများ ကြံ့ခိုင်မှုရှိစေရေးအတွက် အမိုးအကာများကိုစနစ်တကျ အုပ်မိုးခြင်း၊ ကြိုးဖြင့်ချည်နှောင်ခြင်းနှင့် ထပ်ပိုးကာရံခြင်း များပြုလုပ်နိုင်ကြရန်နှင့် လေပြင်းတိုက်ခတ်ချိန်များတွင် အဆောက်အအုံတွင်း၌ သာနေထိုင်ကြရန် NUG အစိုးရ လူသားစာနာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။






