32 C
Yangon

“ဓားပြတိုက်သွားတဲ့ ကောင်တွေဟာ နိုင်ငံတော်အာဏာကိုလုယူခဲ့တယ်။ ဒါနိုင်ငံတော်ပုန်ကန်မှု။ အဲဒီမှာတင်ကို ကိစ္စက ပြတ်နေပြီ ။ တော်လှန်ရေး လုပ်လာတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းကို နားလည်မယ်ဆိုရင် ဘာမှ အဲဒီ စစ်အုပ်စုကိုသွားပြီးတော့ အထူးသဖြင့် စစ်ရာဇဝတ်ကောင်တွေနဲ့ ဘာမှ လက်ဆွဲ နှုတ်ဆက်စရာအကြောင်းကို မရှိဘူး။ ခေါင်း ဆောင်တွေ လွတ်သည် ဖြစ်စေ မလွတ်သည်ဖြစ်စေ ကျွန်တော်တို့ တိုက်ပွဲကတော့ ဝင်ကို ဝင်နေရမှာ။

Must read

ဦးမင်းကိုနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်လည်းဖြစ်၊ နွေဦးတော်လှန်ရေးတွင် ပါဝင်ဦးဆောင်နေသူတစ်ဦးလည်းဖြစ်သူ ဦးမင်းကိုနိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အကို မင်္ဂလာနှစ်သစ်လိုတော့ မနှုတ်ဆက်ချင်ပါဘူး။ ဒါပေမယ့် အကြမ်းဖက် မင်းအောင်လှိုင်ကတော့ သူလုယူလိုက်တဲ့ သမ္မတရာထူး ရသွားပြီးတဲ့နောက်ပိုင်းမှာ အခု သဘောထားကြီးသလိုလို သူကိုယ့်သူ အင်မတန်မှပဲ ဂရုဏာကြီးသလိုလို သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ဒါ ကြေညာချက်ထုတ်တယ်ပေါ့လေ။ ဒါနဲ့ ပတ်သတ်ပြီးတော့ တော်တော်များများ ပြည်သူတွေကတော့ ဝမ်းပန်း တသာတော့ရှိကြတယ်။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီးတော့ အကိုအနေနဲ့ ဒါ ဒီလိုလွတ်ပေးလိုက်တဲ့ အပေါ်မှာ ဘယ်လိုမှတ်ချက်မျိုးပေါ့နော်။

ဖြေ။ ။ အရင်ဆုံး ကျွန်တော်တို့ရဲ့ သမ္မတကို သမ္မတလို့ခေါ်ပေးတဲ့ မီဒီယာတစ်ခုအနေနဲ့ ကျွန်တော် ကျေးဇူးတင်တယ်ဆိုတာ ပြောချင်တယ်။ အသိအမှတ်လည်းပြုပါတယ်။ တစ်ချို့က သမ္မတကို သမ္မတလိုတောင် မခေါ်ဝင့်ကြတဲ့ တော်တော် သနားစရာကောင်းတဲ့ လူတွေရှိနေကြလို့ ဒါက ကုလ သမဂ္ဂ အဖွဲ့အစည်းထဲမှာတောင်ဗျာ။ ဒီနေ့ အထိ သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်ဆိုတဲ့ဟာကို အဲဒီ စစ်ဖိနပ်အောက်မှာ နေကြတဲ့သူတွေက ကိုယ့် သမ္မတကို သမ္မတလို မခေါ်ဝင့်တာတော့ ဒါ နံပါတ် ၁ ပြဿနာပေါ့နော်။

ဟုတ်ပြီ ကျွန်တော်တို့ဟာ သူအပါအဝင်ပေါ့။ လွတ်လာကြတယ်။ ကျန်တဲ့လူတွေလည်း ရှိနေတယ်။ ဒါဖြင့်ရင် ဘယ်လိုလူမျိုးတွေကို လွှတ်ပေးလိုက်ပြီးတော့ ဘယ်လိုလူမျိုးတွေကို ချန်ထားလဲဆိုတာကတော့ စဉ်းစားစရာ မကောင်းပေဘူးလားဗျာ။ နောက်တစ်ခု လွှတ်ပေးတယ်ဆိုတာကဘာလဲ သေချာတာကတော့ တောင်းလွန်းလို့ ပေးသနားတော်မူလိုက်တာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းပြတ်ပြတ် မြင်ထားရမယ်ဗျာ။

ကျွန်တော်တို့အားလုံးပေါ့နော်၊ ပြည်တွင်း ပြည်ပ ရောက်ရာအရပ်ကနေ ရသမျှနည်းပေါင်းစုံနဲ့ တော်လှန်နိုင်လို့ တိုက်နိုင်လို့ အခုလို အသီးအပွင့်ဖြစ်လာတယ်ဆိုတာကို ကောင်းစွာတော့ သဘောတူမှ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဓားပြရဲ့သဘောက ဘယ်သော်အခါမှ ကျွန်တော်တို့ ပြန်ပေးဆွဲထားတဲ့ လူတွေကို သူတို့ လိုချင်တာတွေ မရမချင်း ဘယ်တော့မှ ဒီလိုလွှတ်တယ်ဆိုတာ မရှိပါဘူး။

အခုကလည်း ဘာလဲဆိုတော့ နှစ်ချက်ပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တော်လှန်ရေးက အုပ်ဖွဲ့၊စုဖွဲ့မှု ကောင်းကောင်းနဲ့ လုပ်လာနိုင်တယ်။ ခင် ဗျားတို့ သတိထားမိလိမ့်မယ်နော်။ ဒါ SCEF ဟာမျိုးပေါ့။ ဒါနမှုနာ ပြောနေတာ နောက်ထပ် နောက်ထပ် အလားအလာတွေနဲ့ များစွာနဲ့ စစ်ရေးအရလည်း ဒီထက်ပေါင်းပြီး တိုက်ကြဦးမှာ။ အဲဒါထက် ပိုများတယ်။ ဒီအခါမှာ သူတို့ဘက်က တော်တော် အကျပ် အတည်းကြုံတယ်။ အဲဒီ အခါကျတော့ သူတို့ရဲ့ခေါင်းကိုင် ဖခင်ကြီးရဲ့ လုပ်ငန်းလမ်းညွှန်မှာလည်း ဒီ အချိန်ကျရင် ဒီကလင်ဒါတွေ လုပ်ရမယ်ဆိုတာ အကုန်ပါတယ်။

မေး။ ။ ခေါင်းကိုင်ဖခင်ကြီးဆိုတာ ကျွန်တော် မရှင်းလို့ပါ ဘယ်သူကို ပြောတာလဲ ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းသိအောင် ရှင်းလင်းပေးပါလား။

ဖြေ။ ။ သူတို့ အင်မတန်မှ အားကိုးနေရတဲ့ အိမ်နီးချင်း အင်အားကြီး တိုင်းပြည်ကြီးပေါ့ဗျာ။ ကျွန်တော်တို့က မပြောရဲစရာမရှိဘူး ဒီနာမည် ကျွန် တော်တို့ ပါးစပ်မှာ ပြောရတာက တော်တော်ကြီးကို မသတီဘူး။ အဲဒီတော့ အဲဒီလို သူရဲ့ အိမ်နီးချင်း နိုင်ငံကြီးက ခေါင်းကိုင်ဖခင်ကြီးက ညွှန်ကြားတဲ့ အထဲမှာ ဒါတွေပါတယ်။

အဲဒီတော့သူက ခုနကလို အခက်အခဲ အကျပ်အတည်းတွေ တိုက်ပွဲတွေ ကြားထဲကနေပြီးတော့ သူအသက်ရှုချောင်မယ့် နည်းလမ်းကို လိုက်စဉ်းစားတာပါတယ်။ တစ်အချက်ပေါ့နော်။ နောက်တစ်ချက်တော့ (Legitimacy) တအားလိုချင်နေတယ်။ တရားဝင်ဖြစ်မှုအတွက် သူကို ဒီလောက်လုပ်ပေးလိုက်ရင် တရားဝင်ဖြစ်မလားဆိုတဲ့ဟာကိုလည်း သူက စိတ်ကူးယဉ်အိမ်မက်တယ်။

အဲဒါကြောင့်မို့လို သူက စပြီးတော့ ပေးကြည့်တာ ပြောရမယ်ဆိုရင် ဒါက အပြီးသတ်လည်း မဟုတ်ဘူး။ ဒါပေမယ့် ဒါကို ကျွန်တော်တို့ ဆက်မျှော်နေစရာမလိုဘူး။ ကျွန်တော်ပြောတာ ကျွန်တော်တို့က မျှော်ရမယ့် ဘ၀တွေမဟုတ်ဘူး။ ဖန်တီးယူရမယ့်သူတွေဖြစ်တယ်ဆိုတာကို ပြောတာ ။ ဒါကြောင့်မို့လို့ ဒီဥစ္စာကြီးအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာလိုမျိုး၊ သူတို့ကို ကြိုဆိုပါတယ်ဆိုတဲ့ဟာမျိုးတွေ မလိုဘူး။

တကယ်က မတရားဖမ်းခံထားရတာတွေ လွတ်လာဆိုတာက ကောင်းတာကြီးပဲပေါ့ဗျာ။ ဒါပေမယ့် ခုနက ကျွန်တော်တို့ ပြောသလိုမျိုးပေါ့ဗျာ။ ရှင်းနေရမယ်။ အမြင်မှာ။ ဒါသည် တိုက်ပွဲကြောင့်ရလာတာဖြစ်တယ်။ ပေးသနားလိုက်တာမဟုတ်ဘူးဆိုတာမြင်ရလိမ့်မယ်။

မေး။ ။ အဲဒီတော့ အကို ခုနကပြောထားတဲ့ အထဲမှာ တရားဝင်မှု၊ ဒါကို သူတို့သိပ်လိုချင်လို့ ဒီလို သမ္မတကြီး ဦးဝင်းမြင့်ကို လွှတ်ပေးတယ်ဆိုတော့ အဲဒီလိုလွှတ်ပေးရင်ရော တရားဝင်မှုက ရမှာလား။

ဖြေ။ ။ ခင်ဗျားကြည့်လိုက်ပေါ့။ အဲဒါ ရက်ပိုင်းအတွင်းမှာ သူကြည့်ရမှာက သူက အထစ်တွေ အဆင့်တွေ အများကြီး ချန်ပြီးတော့ သူက ကစားနေတာ ကျွန်တော်ပြောချင်တာ ကျွန်တော်နိုင်ငံရေးမှာ ကျွန်တော် စိတ်မကောင်းတဲ့ တစ်ချက်က ရှင်းရှင်းလင်းလင်းလုပ်ကြတာ မဟုတ်ဘဲနဲ့ PLAY တယ်ဆိုတာရယ် Game ဆိုတာရယ်။

အဲဒါ ကျွန်တော် တစ်သက်လုံးမှာ ကျွန်တော် မခံမရပ်နိုင်ဆုံး အဖြစ်ရဆုံး ကိစ္စပဲဗျာ။ ဟာ နိုင်ငံရေးဆိုတာက Game ပါကွာ၊ ခင်ဗျား လူတွေရဲ့ အသက်တွေ ဘ၀တွေကို ကစားတယ်ဆိုတာက ဘယ်လောက် နာကျင်ဖို့ကောင်းလဲ။ အဲဒါလည်း စနစ်ဆိုးတစ်ခုပဲဗျာ။

အိုကေ အခုလည်း သူတစ်ဆက်တည်းမှာပဲ တကယ်လွှတ်ရမယ့် သူကိုတွေကို ချန်ထားတယ်ဆိုတဲ့ ကိစ္စတွေကိုဆိုတာက သူက ဒီလောက်နဲ့ အခြေအနေ ဟန်ရင် သူဖျက်ပစ်လိုက်မယ်။ အခြေအနေ မဟန်ဘူးဆိုရင် နောက်တစ်ဆင့် ကျွန်တော်တို့ တကယ်လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို အကျယ် ချုပ်သွားမယ်။

အကျယ်ချုပ်ကနေ လူတွေကကျေနပ်သလား။ သူ့ကို ဟာတစ်ခါတည်း ဒရောသောပါးနဲ့ ပြေးလာပြီးတော့ ပွဲတော်ကြီးလို ဒီ အခု အတုယောင်သမ္မတကိုပေါ့နော်။ အတုယောင် အခု စစ်ကောင်စီက အယောင် ဆောင်ထားတဲ့ သူတွေဆီကို နိုင်ငံတကာနေ အပြေးအလွားရောက်လာမှာလား ရောက်လာမယ်ဆိုရင် သူက အဲဒီ အဆင့်ကနေ မတက်တော့ဘူး။

ဒီလိုလာမယ်။ အဲဒီလို မဟုတ်လို့ ဒီလောက်နဲ့ မရဘူးလို့ ၀ိုင်းပြီးပြောကြလို့ရှိရင် ဘာလုပ်မှာလဲဆိုတော့ ခင်ဗျား သူစိတ်ကြိုက်လူကို ရွေးပြီးတော့ သွားတွေ့ခိုင်းမယ်။ ဒါတွေက ကျွန်တော်တို့ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးနော်။ ဒါသူ တစ်သက်လုံး ဒီ တစ်ကွက်ပဲ လုပ်တတ်တာ။

အဲဒီတော့ အဲဒီ အချိန်မှာ ပေးပြီးတွေ့လိုက်တဲ့လူ ချက်ချင်းပြန်ထွက်လာတာနဲ့ အ၀ကနေပြီးတော့ သူကိုယ်တိုင် ကြိုးကိုင် ခြယ်လှယ်နေတဲ့ မီဒီယာတွေနဲ့ အမေးအဖြေ လုပ်ချင်ယောင်ဆောင်ပြီးတော့ သူတိုတို့ လိုချင်တဲ့ခေါင်းစဉ်ကို တင်လိုက်မယ်။

အဲဒီအချိန်မှာ ကာယကံရှင်ဖြစ်တဲ့ ပြည်သူ့ခေါင်းဆောင် လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တကယ်ပြောတာ မပြောတာထက် သူတို့ လိုရာဆွဲပြီးရေးလိုက်တဲ့အပေါ်မှာ လူထုတွေ ဝေဝါးသွားနိုင်တယ်။ ဒါမျိုးတွေ သူတို့တွေ လုပ်ကြဦးမှာ။

အဲဒီတော့ ဒီအကွက်တွေအားလုံးဟာ အဲဒီကနေပြီးတော့ သူတစ်ဆင့် ဖြေတယ် လျှော့တယ်ဆိုတဲ့ ပုံစံတွေပြပြီးတော့ ဘာလုပ်မှာလဲဆိုတော့ စာမျက် နှာအသစ် ဖွင့်ပြီးဆိုတဲ့ စကားလုံးကြီးကို သုံးကို သုံးမှာ အမှန်က စာမျက်နှာအဟောင်းဗျာ။ စာမျက်နှာအဟောင်းကို ဟောင်းလုံးလို့ အဖန်တစ်ရာတေ ခေါက် ရိုးကျိုး စုတ်ပြတ်နေတဲ့ အဟောင်းကြီးကိုပဲ သူတို့ ပြန်ဖွင့်မှာ။

အဲဒါကြီး ဘာလဲ ဆိုတော့ ၂၀၀၈အောက်ကို ပြန်ဝင်ခိုင်းမယ်ဗျာ။ လက်နက်ကိုင်တော်လှန် ရေးကို စွန့် လွှတ်ခိုင်းမယ်ဗျာ။ စသဖြင့်ပေါ့နော်။ အဲဒီကနေပြီးတော့ သူကိုလည်း သမ္မတအဖြစ်အသိ အမှတ်ပြုခိုင်းဦးမယ် ခင်ဗျား စဉ်းစားကြည့်။ အဲဒါတွေကို သူတို့ဘက် ဆင်ထားတဲ့ အကွက်တွေဖြစ်တယ်။ ဘာနဲ့လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတဲ့ သကာရည် အုပ်ပြီးတော့ အောက်မှာ ပေးထားတဲ့ အဆိပ် အဲဒါကို သူတို့ တိုက်ကျွေးမှာ ဗျာ။

အဲဒါအတွက် သူတို့ ပြင်ဆင်နေတာ ကမ္ဘာကြီးကသူတို့ကို (Legitimacy)ခေါ်တဲ့ တရားဝင်ဖြစ်မှု ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ သူကလည်း အဲဒီ အတွက်ကစားနေတယ်ဆိုတာကို ထပ်ပြီးတော့ ကစားဦးမယ်ဆိုတာကို ဆိုလိုတာဖြစ်တယ်။

မေး။ ။ အခုလုပ်တဲ့ အခင်းအကျင်းမှာ ဒီ ၂၀၁၁ ပထမ ဦးသိန်းစိန်အစိုးရ လက်ထက်ကလိုမျိုး ဖြေ လျှော့တယ်ဆိုတဲ့ အခင်းအကျင်းမျိုး ဖန်တီးတဲ့ သဘောလား။ အဲဒီလိုမျိုးလုပ်ပြီးတော့ သူ့ကို တရား ဝင်မှု ရအောင် လုပ်တဲ့သဘောလို့ ပြောလို့ရလား။ အကို ဒီရဲ့ အခင်းအကျင်းနဲ့ ၂၀၁၁တုန်းက သမ္မတ ဦးသိန်းစိန် အခင်းအကျင်းပုံစံ အချိုးမျိုး ချိုးတဲ့ ပုံစံသဘောလား ဒါကို ဘယ်လို မှတ်ချက်ပြုပေးမလဲ။

ဖြေ။ ။ သူတို့က တတ်နိုင်လို့ရှိရင်တော့ အဲဒီလို ဖြစ်ချင်တာပေါ့။ ဒါပေမယ့် ဖြစ်မှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ လူတွေ အတွက်ကတော့ သိပ်ပြီးတော့ရိုးလွန်းတဲ့ အကွက်တွေဖြစ်နေတယ်။ နောက် တစ်ခုကတော့ အခြေအနေတွေက တူကိုမတူဘူးဗျ။ ဒီတစ်ခါ သူက ဓားပြတိုက်ပြီး လုထားတာ မနေ့တစ်နေ့က လောက်ပဲ ကျွန်တော်တို့ဆီမှာ အားလုံးမှတ်မိနေကြတဲ့ ကိစ္စလေးဗျ။

ပြောချင်တာကတော့ သူက လုပ်ချင်တာကတော့ ဓားပြတိုက်ရာ ပါပစ္စည်းတွေကို ရတနာဆိုင်ဖွင့်ပြီးတော့ သူက Promotion လုပ်ချင်တာ ခင်ဗျားစဉ်းစားကြည့်။ အဲဒါကို ကျွန်တော်တို့ အလုခံထားရတဲ့ ပြည်သူတွေကနေပြီးတော့ သူရဲ့ ကိုယ်ဆီကလုသွားတဲ့ ပစ္စည်းတွေနဲ့ ရွှေဆိုင်ဖွင့်တာကို သွားပြီးတော့ Promotion လုပ်ကြမှာလား။ ဒါပဲ မေးခွန်းက ရှိတယ်လေ ။ဒီဟာကိုတော့ ရှင်းနေပြတ်နေဖို့ လိုတယ်နော်။ အဲဒါက ရှင်းနေလို့ရှိရင် သူဘာမှ လုပ်လို့မရဘူးဗျာ။ ဘာဆို ဘာမှ မလုပ်လို့မရဘူး။ သူတို့ပေါ့ဗျာ။

မေး။ ။ ဒီဟိုဟာပေါ့နော် အခုလက်ရှိ တချို့က ပြောကြတာပေါ့နော်။ ဒါ ဒေါ်အောင်ဆန်းစုကြည် လွတ်လာမယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်ရှိရင် လက်ရှိ လက်နက်ကိုင်လမ်းစဉ်နဲ့ NUG ကသွားနေတဲ့ လမ်းစဉ်တွေ နွေဦးတော်လှန်ရေးက ဘယ်လိုဖြစ်မှာလဲပေါ့နော်။ ပြည်သူတွေကရော့၊ ဘယ်လမ်းကြောင်းကို လိုက်ရမှာလဲ။ ဟိုဟာပေါ့။ တော်လှန်ရေး ဆက်လုပ်ရမှာလား။ ဒီလိုမျိုး နိုင်ငံရေးလမ်းကြောင်းပေါ့။ နိုင်ငံရေး လမ်းကြောင်းကို ဆက်သွားရမှာလား။ ဘာကိုလုပ်ရမလဲ ပြည်သူတွေအတွက် ဘယ်လိုရှင်းလင်းတဲ့ သတင်းစကားမျိုး ပေးလို့ရလဲ ဒီအချိန်မှာ။

ဖြေ။ ။ ကျွန်တော်တို့ နှစ်မျိုးရှိတယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံရေးသမားဆိုသူတွေထဲမှာ နှစ်မျိုးရှိတာကို ပြောတာ၊ ပြည်သူလူထုကတော့ ရှင်းတယ်ဗျာ။ လက်နက်ကိုင်တော်လှန်ရေး အထိကို အားပေးပြီးတော့ လိုက်ပါ နေကြတာပဲ။ ကျွန်တော်ပြောချင်တာက ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးမှာ ရသလိုပါနေကြတာ ဒါကို ကျွန်တော်ပြောတာ။

နိုင်ငံရေးသမားလို ကိုယ့်ကို ပြောထားတဲ့ လူတွေကတော့ တော်လှန်ရေးကို လက် နက်ကိုင်မှ တော်လှန်တယ်ကွာ ရှင်းတယ်ကွာဆိုပြီးတော့ ဗြောင်ပြောပြီးတော့ တော်လှန်တဲ့သူတွေရှိသလို ကျွန်တော်တို့ ကျွန်မတို့ကတော့ အကြမ်းမဖက်တဲ့ နည်းပါပဲလို့ အဲဒီစကားလုံးကို ယူလိုက်ပြီးတော့ အဲဒီတော့ လက် နက်ကိုင်တော်လှန်ရေးဆိုတာ အကြမ်းဖက်တာလားဆိုတဲ့ ဘက်ကို စဉ်းစားမိလောက်အောင်ဖြစ်သွားစေတယ်။

ဒါက ယောင်မှားသွားစေတယ်။ အမှန်က လက်နက်ကိုင်တော်လှန်ရေးက တစ်ကမ္ဘာလုံးမှာ လုပ်ခဲ့ကြတာပဲ။ ခင်ဗျား အမေရိကန်ပြည်ထောင်စုက အစ လက်နက်ကိုင်တော်လှန်ရင်းနဲ့ သွားလာခဲ့ကြတာ လွတ်လပ်ရေးကိုယူခဲ့ကြရတာ၊ ဆိုတော့ အဲဒါက တော်လှန် ရေးက တော်လှန်ရေးနော်။ ဟို Terrorist က Terroristနော် ဒါကိုတော့ သဲကွဲဖို့တယ်။ ဟုတ်ပြီ။ အဲဒီမှာ ကိုယ့်တော်လှန်ရေးလုပ်လာတဲ့ ရည် ရွယ်ချက်နဲ့ အကြောင်းအရင်းကို နားလည်မယ်ဆိုရင် ဘာမှ အဲဒီ စစ်အုပ်စုကိုသွားပြီးတော့ အထူးသဖြင့် စစ်ရာဇဝတ်ကောင်တွေနဲ့ ဘာမှ လက်ဆွဲနှုတ်စရာအကြောင်းကို မရှိဘူး။

ဒီလိုပြောတော့ ခင်ဗျား ကျွန်တော်ကို သံသရာ ရှည်ချင်လို့လား မြန်မြန်မပြီးချင်ဘူးလားမေးရင် ပြီးချင်တာပေါ့ ဒီကနေ့တော် လှန်ရေးကို အောင်စေချင်တာပေါ့။ ဒါပေမယ့် အဲဒါတွေ အားလုံးက တော် လှန်ရေး အောင်တာမဟုတ်ဘူး။ တော်လှန်ရေးကို အဆုံးသတ်ပစ်လိုက်တာ။ ဘယ်လိုပြောရမလဲဆိုတော့ တော်လှန်ရေးကို မအောင်မြင်ဘဲနဲ့ တော်လှန်ရေးကျဆုံးသွားအောင် လုပ်တဲ့ ပုံစံတွေသာဖြစ်လိမ့်မယ်။

ဘာကြောင့်လဲ ကျွန်တော်တို့ လိုရင်းက ဘာလဲ။ ဓားပြတိုက်သွားတဲ့ကောင်တွေဟာ တစ်အချက် နိုင်ငံတော်အာဏာကိုလုယူခဲ့တယ်။ သေချာတယ် ဒါနိုင်ငံတော်ပုန်ကန်မှု။ အဲဒီမှာတင်ကို ကိစ္စက ပြတ်နေပြီ ။ အဲဒီတင်မကဘူး ခင်ဗျားစဉ်းစားကြည့်လိုက် လမ်းပေါ်မှာ မြသွဲ့သွဲ့ခိုင်က အစဗျာ။ ဟို မန္တလေးက ကြယ်စင်လေးလို ပစ်သတ်ခဲ့တာ နာမည်တွေ တန်းစီ ရွတ်ရင်တော် ကျွန်တော်တို့ မိုးလင်းသွားမယ်။ အဲဒီလိုပဲ စစ်ကြောရေးစခန်းမှာ သတ်ခဲ့တာတွေ ခင်ဗျားကြိုးစင်ပေါ်တင်ခဲ့တဲ့ လူတွေ ထောင်ကနေပြီးတော့ ထွက်ပြေးပါတယ်။ ဒီအတိုင်းသတ်လို့မရတော့ ကြိုးပေးပြီးသတ်တော့ ကမ္ဘာကြီး၀ိုင်းအော်ကြတဲ့ အခါမှာ ထောင်ပြောင်းတယ်လို့ လုပ်ပြီးတော့ လမ်းမှာ ထွက်ပြေးပါတယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့ မနိုဘယ်လ်အေးတို့လို ဒါ ကျွန်တော် နမူနာတွေပြောနေတာနော်။ သေသေချာချာ စဉ်စားကြည့်ပါ။ နောက်ပြီးတော့ ကျွန် တော် တို့ အလင်္ကာကြယ် ဆရာတော် ဦးသောဘိတလို ကြည့်စမ်း နှစ်စေ့လို့ ထောင်ကလွှတ်တဲ့နေမှဘဲ သူတို့ ကိုယ်တိုင်လာခေါ်သွားပြီးတော့ လက်စတုန်းဖျောက်ပစ်တာတွေ ခင်ဗျားဘယ်လောက်နာကျင်စရာကောင်းလဲ ဘယ်လောက်နာကျည်းစရာကောင်းလဲဆိုတာ ကျွန်တော်တို့က ဒါတွေကို ခံစားချက်အကြောင်းကို ပြောနေတာမဟုတ်ဘူးဗျာ။

ဒါတွေကို ဘယ်သူ တရားစီရင်မှာလဲ။ ရွာတွေကို ဗုံးကျဲခဲ့တာ ပဇီကြီးကို ကြည့်မလား ခင်ဗျာ။ ပြောမယ်ဆိုရင်လည်း တန်းစီပြီးအများကြီးရှိတယ် တိုင်းရင်းသားဒေသတွေမှာရော အဲဒီလုပ်ရပ်တွေကို ဘယ်သူက တရားစီရင်မှာလဲ အဲဒါတွေ တရားမစီရင်ဘဲနဲ့ ရစကောင်းသလား။ ဒါဆိုရင် ကမ္ဘာကြီးဟာ တရားလက်လွတ် မိမိမှာ လက်နက်ရှိတိုင်း စိတ်ကြိုက်ရမ်းကားပြီးတော့ သတ်ဖြတ်ပြီးတော့ အချိန် တန်ရင် ငါလာပြီး လက်ဆွဲ နှုတ်ဆက်ရမှာပဲဆိုတဲ့ သင်္ကေတကို ကျွန်တော်တို့ ပေးလိုက်သလိုဖြစ်သွားမှာပေါ့။

ဒါကို ကျွန်တော်ပြောချင်တာ သံသရာလည်တယ်ဆိုတာ အဲဒါမှ ထပ်လည်မှာ။ အဆိုးကျော့တဲ့သံသရာထပ်လည်မှာ။ ကျွန်တော်တို့က ဖြတ်ကို ဖြတ်ရမှာ။ ဖြတ်ရမယ်ဆိုတဲ့နေရာမှာ ခုနကလို စစ်ရာဇဝတ်မှုကြီးတွေ ကျုးလွန်ခဲ့တဲ့ သူတွေကို တရားစီရင်ရမယ်။ ပြီးရင်နောက်နောင်ကို ဘယ်သောအခါမှ စစ်တပ်ဟာ နိုင်ငံရေးမှာဝင်မရှုပ်ပါဘူးဆိုတဲ့ ကတိကဝတ်တွေရှိရမယ်။ ဒါတွေအားလုံးက ကျွန်တော် တစ် ယောက်တည်း တီထွင်ပြီးပြောနေတာမဟုတ်ဘူး။

တိုင်းရင်းသားတွေနဲ့ ဘုံသဘောထား ၆ ချက်ထဲမှာ အတူတူပါပြီးသားတွေ။ ဒါတွေက အနာဂတ်နိုင်ငံ တော်အတွက်အာမခံ ချက်တွေရှိကို ရှိရမယ်။ မဟုတ်ရင်တော့ ခုနကပြောသလို ကျွန်တော်တို့ အဲဒါတွေ မရောက်မချင်းကတော့ တော်လှန်ရေးကို ကြိုက်ကြိုက် မကြိုက်ကြိုက်ဗျာ။ ဆင်နွှဲနေရတာ တိုက်နိုင်လို့ ဒီအခွင့်အရေးတွေရလာတာလို့ ကျွန်တော်ပြောပြီးပြီနော်။

အဲဒီတော့ ခင်ဗျားတို့က စကားပဲပြောမယ်တော်လှန်ရေးမလုပ်ဘူး။ လက်နက်ကိုင်တော်လှန်ရေးကို အကုန်စွန့်ပြီး စကားပဲပြောမယ်ဆိုတဲ့လူတွေအတွက်ကတော့ အတိတ်က သင်ခန်းစာတွေ မလုံလောက်သေးဘူးလား။

ဒါမှ မဟုတ်ရင် နောက်ထပ် စစ်ရာဇဝတ်မှုတွေ ကျုးလွန်ခွင့်ရှိတယ်လို့ ခင်ဗျားတို့ ကိုယ်တိုင်က သ ဘောတူပြီးတော့ ခင်ဗျားတို့ကိုယ်တိုင် အဲဒီလူနဲ့ လက်ဆွဲနှုတ်ဆက်မှာလား။ ဒါပဲမေးစရာရှိတယ်ဗျာ။ ပြည်သူလူထုကိုတော့ ကျွန်တော်တို့က မျက်ခြေမပြတ်ဖို့က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ခေါင်းဆောင်တွေ လွတ်သည်ဖြစ်စေ မလွတ်သည်ဖြစ်စေ ကျွန်တော်တို့ တိုက်ပွဲကတော့ ဝင်ကို ဝင်နေရမှာ။

ဒါသည် တိုက်ပွဲမှာပျော်နေလို့ ပြောနေတာမဟုတ်ဘူး၊ တိုက်နိုင်မှ ရတယ်။ အသနားခံလို့မရဘူး။ ပါးစပ်နဲ့ ပြောလို့ရမဘူးဆိုတာ ကျွန်တော်တို့ အကြိမ်ဖန်များစွာကြုံပြီးပါပြီနော်ဗျာ။ ဒါကိုတော့ ကိုယ်ပိုင်ဆုံးဖြတ်ကြပါလို့။

မေး။ ။ အကိုပြောသွားတဲ့အထဲမှာပါတဲ့ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ ဒါတွေကို ပြည်သူ လူထုရဲ့ မှတ်မှတ်ထင်ထင်ရှိအောင်လို့ တစ်ချက်ချင်းစီ ပြန်ပြီးရှင်းပြလို့ရမလား။ အကိုခုနက ပြောသွားတဲ့အထဲမှာတော့ စကားထဲမှာတော့ တစ်ခုချင်းစိရှင်းပြသွားတယ်။ ဒါပေမယ့် သေသေ ချာချာတော်လှန် ရေးရဲ့ ကျွန်တော်တို့ အောင်ပွဲက ဒါတွေဒါတွေ ရမှ ကျွန်တော်တို့တော်လှန်ရေး အောင်မယ်ဆိုတဲ့ဟာမျိုး တိတိလင်းလင်းနဲ့ ထင်ထင်ရှားရှား ရှင်းပြပေးပါလား အကို။

ဖြေ။ ။ ကျွန်တော်တို့ဗျာ။ အဓိကတော့ စစ်အာဏာရှင်နစ်ကို ချုပ်ငြိမ်းပြီးတော့ ဒါစာစကားတွေနော် အိုကေ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်ကို အာမခံနိုင်တဲ့ သေချာတဲ့ အခင်းအကျင်းရှိရမယ်ပေါ့နော်။အဲဒီတော့ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းဖို့ ဒီအတိုင်းကြီးမရဘူး။ ဒီအတိုင်းကြီးမရဘူးဆိုတာ ကျွန်တော် ပြောနေတာ ခုနကလို ကျုးလွန်ခဲ့တဲ့သူတွေကို အပြစ်မပေးဘူး၊ တရားမစီရင်ဘူးဆိုရင် တစ်လောကလုံးက စိတ်ကြိုက် ကျုးလွန်ကုန်ကြမှာပေါ့။

ကျွန်တော်သည် ဒါသည် ချစ်ခြင်းမုန်းခြင်းကြောင့် ပြောနေတာမဟုတ်ဘူး။ လောကကို တကယ်စောင့် ရှောက်ကြမဲ့တရားကို ဆုံးရှုံးခံလို့မရဘူးလို့ ကျွန်တော်ပြောနေတာ။ အဲဒီကနေပြီးတော့မှ ကျွန်တော်တို့ ဖိနှိပ် ချုပ်ချယ်ထားတဲ့ အခွင့်ထူးခံထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံကို အပြီးဖျက်သိမ်းပြီးတော့ ဖွဲ့စည်းပုံ အသစ်ပြန်ဆွဲရမယ်။

အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ သဘောထားညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို အသစ်ကို တည်ထောင်ဖို့အတွက် ဖွဲစည်းပုံ အသစ်တွေ ရေးရမယ်။ ခုနကလိုပဲ အဲဒီမှာ အာမခံချက်က ခုနကပြောပြီးပြီလေ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့စည်းတွေက နိုင်ငံရဲ့ အာဏာမှာ လားလားမှ လာမပတ်သတ်ရဘူး။ စစ်တပ်က လုံခြုံရေး ကာကွယ်ရေးကိုပဲ တာဝန်ကိုပဲ ယူရမယ် စသဖြင့်ပေါ့ဗျာ။ ဒါတွေက တစ်ယောက်တည်း သဘောနဲ့ အပြီးချောသွားတာ မဟုတ်ဘူး။ ဒါအခြေခံ အချက်အလက်တွေဖြစ်တယ်။

မေး။ ။ အဲဒီတော့ ဒီ တစ်ခြားတစ်ဖက်ဘက်မှာလည်း တိုင်းရင်းသားတွေဘက်ကနေ တချို့ တိုင်း ရင်းသား အဖွဲ့တွေက လက်ရှိ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် အကြမ်းဖက် မင်းအောင်လှိုင်ကို ကြိုဆိုပါတယ် သမ္မတဖြစ်တာကိုကြိုဆိုပါတယ်ဆိုပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့မျှော်လင့်ပါတယ်ဆိုပြီးတော့ ကြေညာချက်ထုတ်နေတာတွေရှိတယ်ဆိုတော့ အဲဒီလိုမျိုး စစ်ရာဇဝတ်ကောင်နဲ့ ကြိုဆိုပါတယ်ဆိုပြီးတော့ ကြေညာချက်ထုတ်တဲ့ အပေါ်မှာရော အကိုအနေနဲ့ ဘယ်လိုမှတ်ချက်ပေးလို့ရလဲ။

ဖြေ။ ။တကယ်တော့ လူတွေ မသိတာတော့ မဟုတ်ဘူးဗျာ။ မယုံရင် ခင်ဗျားတို့ အနီးကပ်ပြီး မေးကြတဲ့အခါမှာ ကျွန်တော်မှာလည်း မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေရှိပါတယ်ဆိုပြီးတော့ ပြောကြဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ဒါဆိုရင် တကယ်ယုံလို့ လုပ်တာလား မယုံဘဲနဲ့လုပ်တာလား။ ကျွန် တော်တို့ မေးစရာရှိတယ်။ ဘယ်အဖွဲ့စည်းကို မဆို ဘယ်ပုဂ္ဂိုလ်ကို မဆို နောက်ဆုံးတော့ဗျာ။

ကျွန်တော်ပြောမယ် ဒီခေတ်ကြီးက ပြည်သူ လူထုက မအဘူးဗျာ။ ပြည်သူလူထုက ဆုံးဖြတ်သွားမှာပဲ။ ဘယ်သူမဆိုပေါ့ ဟုတ်လား။ ကျွန်တော်ကအစ ကျွန်တော်တို့ ဖောက်ပြန်ပျက်စီးပြီး သို့တည်းမဟုတ် တော်လှန်ရေးကို ကျောခိုင်းပြီ တော်လှန်ရေးကို မပါတော့ဘူးမဆင်နွှဲတော့ဘူးဆိုရင် အဲဒီပြည်သူလူထုက သူနဲ့ ထိုက်တန်တဲ့ သတ် မှတ်ချက်ကို ပေးကြမှာပဲ။ ဒါကတော့ ဘယ်သူမှာလည်း မကယ်နိုင်ပါဘူး။ ဘယ်အဖွဲ့အစည်းမဆို ကျွန်တော်သည် အစွဲကင်းကင်းနဲ့ ပြောတာ သဘောတရားအတိုင်းပဲ ဖြစ်မှာပဲ တရားသဘောပဲ ဖြစ်မှာပဲလို့ ကျွန်တော်နားလည်ပါတယ်။

မေး။ ။ အဲဒီတော့ နောက်ဆုံးမေးခွန်းပါ။ လက်ရှိ အခင်းအကျင်းက စစ်တပ်ကဲ့ ရည်ရွယ်ချက်သည် ကျွန်တော်တို့ မြင်နေရတာ နွေဦးတော် လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးကိုဖြိုခွင်းဖို့ သူတို့ အနေနဲ့ မဟာဗျူဟာကျကျ လုပ်လာတယ်လို့ ကျွန်တော်တို့ သုံးသပ်ရတယ်မြင်ရတယ်ဆိုတော့ ဒီအပေါ်မှာ ပြည်သူလူထူအနေနဲ့ ဘယ်လို သတိထားပြီးတော့ ဘယ်လိုရှေ့ဆက်ရမလဲ ဘယ်လိုရှုမြင်ရမလဲ ဘယ် လို လမ်းစဉ်တွေနဲ့ ဘယ်လိုတရားတွေနဲ့ ဘယ်ကတိဆုံးဖြတ်ပြီးတော့ ရှေ့ဆက်သွားရမလဲဆိုတာ အကိုနောက်ဆုံး ဒီမေးခွန်းအနေနဲ့ ဖြေကြားပေးပါဦး။

ဖြေ။ ။ ဟို အခုကိုဗျာ။ ကျွန်တော်တို့ လိုင်းပေါင်းစုံတင်လာပြီးဆိုတာ ခင်ဗျားတို့ တွေ့လိမ့်မယ်။ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုလဲဆိုတော့ ကိုယ့်လိုချင်တဲ့ လိုင်းကို ကိုယ့်တင်ကြတာပဲဗျာ။ လူတွေအကြောင်း အရာတစ်ခု ဖြစ်လာပြီ အကွေ့တစ်ကွေ့ အချိုးတစ်ခုရောက်လာပြီဆိုလိုရှိရင် အလစ်မှာ ကိုယ်စောင့်ကိုင်ထားတဲ့ အရာကို တင်ကြတော့တာပဲ။

အဲဒါက ဘာလဲဆိုတော့ ဒီစစ်ရာဇဝတ်ကောင်တွေ ဖက်စစ်တွေကို ဆွေးနွေးရမယ်ဆိုတဲ့လိုင်းလာလိမ့်မယ်။ အဲဒီမှာ ကြည့်ရမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုရဲ့ခေါင်းဆောင်ရဲ့ အနေအထားကို သိပ်အရေးကြီးတယ်ဆိုတာ ကျွန်တော်လက်ခံတယ်။ အဲဒီမှာ ဘာကိုသတိထားစေချင်တာလဲဆိုတော့ အသုံးချခံရမှာကို ကျွန်တော် စိုးရိမ်တယ်။ အသုံးချတယ်ဆိုတာဗျာ။ ပြောရရင်တော့ဗျာ။ အလွဲသုံးစားလုပ်သွားတာကို ပြောတာပါပဲ။

စစ်တပ်က လုပ်နိုင်သလို စစ်တပ်မဟုတ်ဘဲ အခြားသော အင်အားစုတွေ ဒါ ကျွန်တော် နာမည်တပ်စရာမရှိဘူး။ ဘာလို့လဲဆိုတော့ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ရှိနေကြလို့ ဘာလဲဆိုတော့ သူတို့က တကယ်ပြည်သူလူထုရဲ့ တော်လှန်ရေးကို ဒါဟာ အကြမ်းဖက် တာပါကွာဆိုပြီးတော့။ ခင်ဗျားကို ကျွန်တော် အမြဲပြောဖူးပါတယ်။ ဒီ PEACE ပါတဲ့ တံဆိပ် ခေါင်းကြီးနဲ့ လိုက်ရိုက်တာ ခေါင်းကို ရိုက်ခွဲတာ။အဲဒါလာလိမ့်မယ်။

မေး။ ။ အကိုပြောတဲ့ အဲဒီအင်အားစုတွေ တတိယအင်အားစုလို့ခေါ်တဲ့ အင်အားစုတွေလား။

ဖြေ။ ။ အဲဒီလောက်လည်း မကဘူးဗျာ။ အဲဒီလောက်နဲ့ မကဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက တော်လှန်ရေးမှာ မပါဘူး။ လက်နက်ကိုင်တော်လှန်ရေးနဲ့ တကွ ဒီဟာကို တော်လှန်တယ်လို့ မသုံးဘူးဗျာ တစ်အချက်။ နှစ်အချက်ကတော့ ဘာလို့သုံးသလဲဆိုတော့။ ပြည်သူလူထူရဲ့တော်လှန်ရေးကို ပဋိပက္ခ တို့ အကျပ်အတည်းတို့ စကားလုံးတွေ စကားလုံးတွေသုံးလိမ့်မယ်နော် အဲဒီအခါကျတော့ Conflict တို့ Crisisတို့ သုံးပြီးတော့ ကမ္ဘာကြီးကို ကျွန်တော်ကတော့ဖြင့် ဒီအခက်အခဲ ဒီ အကျပ်အတည်းကြီးကို ဒီ ပဋိပက္ခကြီးကို ဖြေရှင်းချင်တာပါပဲဗျာ ဆိုတဲ့လိုင်း ဒါက တစ်လိုင်း။

အဲဒီတော့ စစ်တပ်ကလည်း ဘာနဲ့သွားတူမလဲဆိုရင် စစ်တပ်ကလည်း ဒီလက်နက်ကိုင်တော်လှန်ရေးကို ရှိနေတဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးကိုပျောက်သွားစေချင်တယ်။ သူရဲ့ စစ်ဖိနပ်အောက်မှာ အလုပ်လုပ်ရတဲ့ကောင်တွေ အချိန်မရွေးဖမ်းလို့ရတာပဲဗျာ။ သူလုပ်ချင်ရင်ပြောတာ မလုပ်ချင်လဲ သူလွှတ်ပေးထားမှာပဲ။ သူအတိုင်းအတာ တစ်ခုအရ သူလိုချင်တဲ့ ပုံစံဖြစ်နေရင်တော့ လွှတ်ပေးမှာပေါ့ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလိုနေလို့မရတော့ဘူးလေ။

အဲဒီလိုလည်း နှစ်ပေါင်းများစွာ လူသက်တမ်းတစ်ခုလောက်အထိ ကြိုးစားခဲ့ကြပြီးပြီလေ။ ဆိုတော့ အဲဒါပဲ။ အဲဒီတော့ ဒီမှာ ချုပ်လိုက်မယ်ဆိုလိုရှိရင် အဲဒီ လူထုခေါင်းဆောင်ကို ဘယ်တော့မှ လွှတ်ပေးမယ်ဆို မျှော်လင့်ချက်ကြီး ပေးထားမယ်ဆိုတာ ကျွန်တော်ပြောချင်နေတာ။ အဲဒီမျှော်လင့်ချက်က မနက်ဖြန်ဖြစ်မလိုလို သန်ဘက်ခါဖြစ်မလိုလို ကျွန်တော်တို့က ဘာမှ မလုပ်ဘဲနဲ့ ငြိမ်စောင့်နေရမယ်လိုလို။

ဒါနော် ပြောချင်တာက ကျွန်တော်တို့ တော်လှန်နေတဲ့ အင်အားနဲ့ ကျွန်တော်တို့ရဲ့ စစ်ရေးရော တစ်ခြားသော နိုင်ငံရေး နည်းလမ်းရော သပိတ်မှောက်တာရော၊ ဆန်ရှင်တွေရော ပိတ်ဆို့တာရော၊ အဲဒါတွေ အကုန်လုံးဟာ ကျွန်တော်တို့ဟာ လုပ်ကိုယ်လုပ်နေရမယ်လို့ ကျွန်တော်ပြောချင်နေတယ်။

မဟုတ်ရင် သူတို့က ဘယ်အချိန်မျိုးမှာမှ လွှတ်ပေးမှာလဲဆိုတော့ ကျွန်တော်ခုနကပြောပြီးပြီနော်။ နေအိမ် အကျယ်အချုပ်မှာ သူကြိုက်တဲ့လူကို သွားတွေ့ခိုင်းပြီးတော့ ပေါက်ကရတွေ ပြန်ပြီးတော့ ပြောတာတွေ လုပ်ခိုင်းဦးမှာနော်။ အဲဒီကနေ နောက်ဆုံးဘယ်လိုမှ မရဘူးဆိုရင် သူလွှတ်ပေးမှာ။ နှစ်မျိုးပဲရှိတယ်။ သူနဲ့လိုင်းတူပါတယ်လို့ သူ့ဟာသူ တစ်ဖက်သတ်ထင်ပြီးတော့ လွှတ်ချင် လည်းလွှတ်လိမ့်မယ်။

နောက်တစ်မျိုးကတော့ စနစ်တကျ ပြင်ဆင်ပြီးကျမှ ဒီပဲယင်းလို ကြိုပြင်ထားပြီးတော့ကျမှ သတ်ကွင်းထဲကိုကြမှ လူထုနဲ့ တွေ့ခွင့်ပြုတယ်ဆိုပြီးတော့ လွှတ်လိမ့်မယ်။ ခင်ဗျား သူ့ဘက်ကဆိုလို့ရှိရင် ကြည့်စဉ်းစားရင်လည်း ဒါပဲ သူလုပ်ရမှာလေဗျာ။ ဘယ်သူက စိတ်စေတနာ အမှန်နဲ့လုပ်မလဲ။ စိတ်စေတနာ အမှန်တရားရှိရင် ဖမ်းစရာမလိုတာ အာဏာတောင် သိမ်းစရာမလိုဘူး။

ဆိုတော့ အဲဒီတော့ သူက ပြန်ကောက်မယ်နော် ကျွန်တော်တို့ အခုက သူတို့သည် သဘောထားပျော့ပြောင်းသွားပြီဆိုတဲ့ ဂိုက်ကိုဖမ်းနေပြီ။ စပြီးတော့ စိတ်စေတနာအကြောင်းတွေပြောနေပြီ ။ သမ္မတကြီးပြန်လွှတ်တဲ့အခါကျမှ မတရားဖမ်းခဲ့တဲ့လူကို ပြန်လွှတ်တာတောင်မှ လူနာမည်မှာ ဦးမတပ်ဘဲနဲ့ ဘယ်လောက်ရိုင်းစိုင်းရက်စက်သလဲဆိုတာ ကြေညာချက် သူတို့ရဲ့ ပြန်တမ်းထဲမှာနော် နိုင်ငံတော် သမ္မတ တစ်ယောက်ကို ပြန်လွှတ်တဲ့နေရာမှာ ဦးတောင်မတပ်ဘူး သမ္မတလို့လည်းမခေါ်ဘူး။

ဆိုတော့ ခင်ဗျား အဲဒါ တကယ်တရားခံဆိုတဲ့ ပုံစံနဲ့ သူတို့လုပ်တာ ဒါအတွင်းစိတ် အဲဒီတော့ သဘော ကောင်းသွားပါပြီ သဘောထားပျော့ပြောင်းသွားပါပြီဆိုတော့ ဂိုက်ကတော့ ဖမ်းမှာ အဲဒီတော့ ကျွန်တော်မေးမယ်။ တချို့သော သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုလည်း တစ်သတ်တစ်ကျွန်းဆိုပြီးတော့ သူလျှော့ပေါ့ပါတယ်ပေါ့နော်။

ဒါဆိုရင် ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ယောက်ကို ကြိုးစင်တင်ခဲ့တုန်းက ဘာကြောင့် ဒီလိုမလုပ်သလဲ။ မေးစရာတွေရှိတယ်နော်။ လူတွေ စဉ်းစားရမှာ ရိုးရိုးလေးဗျာ။ သူရဲ့ အခက် အခဲ သူရဲ့ အကျပ်အတည်းအရ သူက မိုက်ပြရမယ့်၊ သွေးအေးအေးနဲ့ ရက်စက်ရဲတယ်ဆိုတဲ့ ငါတို့အဘကွ သတ်ရဲတယ်ဆိုတာကို ပြဖို့ လိုတဲ့ အချိန်မှာ သူလုပ်ခဲ့တယ်။

အခုကတော့ သူက မျက်နှာဖုံံး ကောက်စွပ်တာပဲဗျာ။ သီလကြောင် မျက်နှာဖုံးနဲ့ ဒါကြောင့် ကျွန်တော်တို့ ပြောတာ။ ကျွန်တော်တို့သည် အဆိုးမြင်တဲ့ မျက်စိမှိတ်ပြီးတော့ ငြင်းနေတာ မဟုတ်ဘူး သမိုင်းနဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ အကုန်ပြန်ခြုံကြည့်ပါ။ ယုံစရာကောင်းတဲ့လူတွေလား။ ကျွန်တော်တို့ အဆုံးထိ တိုက်ရမယ့် စနစ်လားဆိုတာကို ဒါတော့ သုံးသပ်တွေးခေါ်ကြဖို့လိုပါတယ်။

အဲဒီတော့ တော်လှန်ရေးဘက်ကနေပြီးတော့ စုဖွဲ့မှုအားကောင်းကောင်းနဲ့ ပြင်ဆင်ပြလိုက်တဲ့အခါမှာ တိုက်ပွဲတွေ ဝင်တဲ့အခါမှာ။ အခုလို အသီးအပွင့်တွေကို စတွေ့ရတာဖြစ်တယ်။ တောင်းတာကို သနားလို့ပေးတာ မဟုတ်ဘူး။ တိုက်နိုင်လို့ရတဲ့ ရလဒ်ဖြစ်တယ်။ လိုအပ်သ၍ ဆက်ပြီး တိုက်ပွဲကိုဝင်ရမယ်။

အဲဒီ အတွက်ကြောင့် ပြည်သူလူထုအပါအဝင်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ပြည်သူလူထုပဲ ရှိတာပဲဗျာ။ ပြည်သူလူထုလည်း စဉ်းစားဖို့ကောင်းပါတယ် ဘာလဲဆိုတော့ ဘယ်လိုအစဉ်အလာမျိုးကို ယုံကြည်ရမှာလဲ။ ဘယ်လိုပုဂ္ဂိုလ်ကို ဘယ်လိုစုဖွဲ့မှုမျိုးကို ပြည်သူလူထူယုံကြည်လဲဆိုတာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါစေလို့ ကျွန်တော် ဆန္ဒပြုတယ်ဗျာ။

မေး။ ။ နောက်တစ်ခုက နိုင်ငံတကာကို သတင်းစကားအနေနဲ့ ဘာပြောချင်လဲ။

ဖြေ။ ။ အခုအချိန်မှာ ဒါ ကျွန်တော်တို့ကိုက သူတို့ ကျုးလွန်ခဲတဲ့ စစ်ရာဇဝတ်မှုတွေတွက် အဲဒါတွေကို အားလုံးကို သင်ပုန်းချေတယ်ဆိုတဲ့ စကား လုံးမျိုးနဲ့ လောကကြီးမှာ တကယ်လုပ် လို့ ရကောင်းသလား ။ ဒုတိယ ကမ္ဘာစစ်တုန်းက မှတ်မိရဲ့လားဗျာ။ မှတ်မိကြပါတယ်ဗျာ။ Rudolf Hess ဟစ်တလာရဲ့ ဒုတိဥက္ကဋ္ဌ ဗျာ။ အင်္ဂလန်ကို ထွက်ပြေးသွားပြီးတော့ သွားပြီးတော့ ဘက်ပြောင်းလိုက်တယ်ဗျာ။ အဲဒီ Rudolf Hessကို ခင်ဗျားတို့ ခွင့်လွှတ်ကြရဲ့လား အပြစ်ပေးခဲ့တာပဲ မှတ်လား။

ကျွန်တော်ပြောတာက ဘာကြောင့်လဲ။ ခင်ဗျားတို့လည်း ချစ်ခြင်း မုန်းခြင်းကြောင့် မဟုတ်ဘူးလို့ ကျွန် တော် နားလည်တယ်။ ဒါ စစ်ရာဇဝတ်ကောင်တွေ ဖြစ်တဲ့အတွက်ကြောင့် စစ်ရာဇဝတ်ကောင်တွေလိုတော့ ပြုမှုရမှာပဲ အေးပေါ့ဗျာ။ ဒါတော်တော် ထင်ရှားတဲ့ ဥပမာလိုမြင်ပါတယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ်အကို။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်ကြောင့်။

ဖြေ။ ။ ကျွန်တော်ကလည်း ဒီနေ့ ဒီအချိန်မှာ လူတွေက ဒါကို အသစ်အဆန်းတစ်ခုလို သို့တည်း မဟုတ် တကယ်အပြောင်းအလဲ အစစ်အမှန်ကြီးလိုလိုနဲ့ ခုနက နိုင်ငံတကာ ကရောပေါ့ဗျာ။ မြန်မာပြည်ကြီးက ပြောင်းလဲပါပြီလို့ ဝေးဝါး ဝေးဝါးဆိုပြီးတော့ အရှေ့က အော်လိုက် နောက်ကနေ ခုံကြီးတွေ မကြလာပြီးတော့ ဝင်ထိုင်ဖို့ ပြင်နေကြတဲ့ သူတွေ အတွက်ကတော့ ပြောချင်တာနော်။

ဒါဟာ စာမျက်နှာ အသစ်မဟုတ်ပါဘူး။ တကယ့်ကိုခေါက်ရိုးကျိုးနေတဲ့ အဟောင်းကြီးလေ။ ခင်ဗျားတို့ မမှတ်မိဘူးလား။ ခင်ဗျားတို့ ကျောမှာ ဒဏ်ရာတွေ မရှိဘူးလား ခင်ဗျားတို့ ရင်ဘတ်တွေ ဒဏ်ရာမရှိဘူးလားလို့ မေးချင်တာဗျာ။ ရှိတဲ့လူတွေကတော့ ချက်ချင်းသိတယ်ပေါ့ဗျာ။ ဒါပါပဲ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article