ရန်ကုန်၊ ဧပြီ ၁၈
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသရှိ ဝါရာဇွပ်ပြည်သူ့စစ်စခန်း ၂ ခု KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်စခန်းများကို KIA ပူးပေါင်း တပ်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အွယ်လောနှင့် ခလမ်ကောင့် စခန်းနေရာ ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုစခန်းသိမ်း တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုရှိသောလည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် KIA ပူးပေါင်း တပ်များက နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
“ဒီနေ့ နံနက်ပိုင်းမှာ ဟူးကောင်းဒေသမှာရှိတဲ့ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာ တိုက်ပွဲကတော်တော်လေး ပြင်းထန်ခဲ့တယ်။ အခုကျနော်တို့ နောက်ဆုံးရတဲ့ သတင်းတွေအရ စစ်ခွေး လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့ စစ်စခန်း ၂ ခုဖြစ်တ့ အွယ်လော နဲ့ ခလမ်ကောင့် စခန်းကို သိမ်းလိုက်ပြီလို့တော့ သိရတယ်။ စစ်ခွေးသေစာရင်းနဲ့ အရှင်မိတာတွေ ရှိ၊မရှိကတော့ မသိရသေးဘူး။ KIA ပူးပေါင်း တပ်တွေ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့သည် ဧပြီလအတွင်း တိုက်ပွဲပြင်းထန်ခဲ့သော ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်းဘက်ကို စစ်ကူသွားရောက်နေချိန် KIA ပူးပေါင်းတပ်များက ၎င်းတို့ တပ်စခန်းများကို ထိုးစစ်ဆင် တန်ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




