31 C
Yangon

စစ်တပ်က ပြည်သူများအပေါ် ရည်ရွယ်ရှိရှိ တိုက်ခိုက်နေမှုများကို KNU က ပြင်းထန်စွာရှုတ်ချပြီး အာဆီယံနှင့်နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုဘဲ အရေးယူရန် တိုက်တွန်း

Must read

ရန်ကုန်၊ ဧပြီ ၁၉

အကြမ်းဖက်စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနှင့် အခြေခံအဆောက် အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြင်းထန်စွာရှုတ်ချလိုက်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤစစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုဘဲ ထိရောက်စွာ အရေးယူရန် တိုက်တွန်းလိုက်သည်။

စစ်တပ်က ပြည်သူလူထု အားကိုးအားထားပြုနေရသည့် စာသင်ကျောင်းများနှင့် ဆေးရုံများကို လေကြောင်းမှတစ်ဆင့် ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်နေခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း KNU က ပြောသည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၂ ရက်နေ့ မူတြော်ခရိုင်ရှိ ဦးမယောဆေးရုံကို ပေါင် (၅၀၀) ဗုံး နှစ်လုံးအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံပျက်စီးပြီး လူနာများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဧပြီလ ၁၄ ရက်နေ့တွင်မူ ကော်သူးလေနယ်မြေအတွင်းရှိ မူတြော်ဂျူနီယာကောလိပ် (Mutraw Junior College) ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သဖြင့် အဓိကအဆောက်အအုံ ၄ လုံး ပျက်စီးခဲ့ရသည်။

ဧပြီလ ၁၅ ရက်နေ့တွင်လည်း မူတြော်ခရိုင်၊ ခဲပါထရွာရှိ လူနေအိမ်များပေါ်သို့ လေကြောင်းမှ ဗုံးကြဲခဲ့ရာ အရပ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် နေအိမ် ၂၁ လုံးနှင့် ဘာသာရေးအဆောက်အအုံများပါ ပြာကျပျက်စီးခဲ့ရသည်။

စစ်တပ်၏ လုပ်ရပ်များသည် မတော်တဆဖြစ်ရပ်များမဟုတ်ဘဲ ပြည်သူများ၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးများသာဖြစ်ကြောင်း KNU က အလေးအနက် ထောက်ပြထားသည်။

ထို့ကြောင့် KNU အနေဖြင့် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြရုံဖြင့် မလုံလောက်တော့ဘဲ လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုထားသည်။ အထူးသဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးမှုများ ပြုလုပ်ရန် လိုအပ်ပြီး၊ ဤကဲ့သို့ ထင်ရှားသည့် စစ်ရာဇဝတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်စစ်တပ်ကို ပိုမိုကျူးလွန်လာစေရန် အားပေးအားမြှောက်ပြုရာရောက်မည်ဖြစ်ကြောင်း တိုက်တွနး်တောင်းဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများကို သတ်ဖြတ်ပြီး ပြည်သူပိုင်အဆောက်အအုံများကို လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးထားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article