ရန်ကုန်၊ ဧပြီ ၁၉
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ရှမ်းတဲလေတပ်မှ ပျံတက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးကျေးရွာနေ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ဇရပ်ကြီးကျေးရွာက အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ သူကတော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။ နေအိမ် ၆ လုံး ပျက်စီးတယ်။ အမျိုးသားက နေရာမှာတင် ပွဲချင်းပြီး သေဆုံးတယ်။ ကလေးငယ်နဲ့ အမျိုးသမီးကတော့ နောက်မှ ဆုံးသွားတာပါ။ ဗုံး ၂ လုံးနဲ့ ကျဲသွားတာပါ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေယာဉ်များက တောင်သာမြို့နယ် အရှေ့ခြမ်းနှင့် အရှေ့တောင်ခြမ်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိအချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။





