31 C
Yangon

ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများထံသို့ လူ ၁၈ ဦးကို ရောင်းစားခဲ့သည့် ဗီယက်နမ်အမျိုးသမီးကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်

Must read

ရန်ကုန်၊ ဧပြီ ၁၉

ထိုင်းနှင့် မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများထံသို့ လူ ၁၈ ဦးအား ရောင်းစားခဲ့သည့် ဗီယက်နမ်အမျိုးသမီး ကို ဗီယက်နမ်နိုင်ငံတရားရုံးက ထောင်ဒဏ် ၁၄ နှစ်ချမှတ်လိုက်ကြောင်း ဗီယက်နမ်မှ လာသော သတင်းများအရ သိရှိရသည်။

ဗီယက်နမ်နိုင်ငံသူ ၁၈ ဦးကို ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ဦးစီးသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်း (Scam Compounds) များထံ ရောင်းစားခဲ့သည့် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး အဆိုပါ ရောင်းစားခံရသူများသည် ရိုက်နှက်ညှဉ်းပန်းခံရမည့် ဘေးနှင့် တစ်ဆင့်ပြန်လည်ရောင်းချခံရမည့် ခြိမ်းခြောက်မှုများအောက်တွင် ၎င်းတို့၏ ဗီယက်နမ်လူမျိုးအချင်းချင်းကို အွန်လိုင်းမှတစ်ဆင့် ငွေလိမ်လည်ရန် အဓမ္မစေခိုင်းခံခဲ့ရခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၊ ကာမော (Ca Mau) ပြည်နယ်ပြည်သူ့တရားရုံးက အသက် ၂၆ နှစ်အရွယ် လီငေါ့ကွီ (Le Ngoc Quy) ကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေညှစ်မှုဖြင့် ထောင်ဒဏ် ၄ နှစ်၊ စုစု ပေါင်း ၁၄ နှစ်ကို ဧပြီလ ၁၆ ရက်နေ့တွင် ချမှတ်ခဲ့ပြီး၊ နစ်နာသူများကို ဗီယက်နမ်ဒေါင် သန်း ၃၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၁,၄၀၀ ခန့်) လျော်ကြေးပေးရန် အမိန့်ချမှတ်ခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း လီငေါ့ကွီသည် “Quy Lee” နှင့် “Cherry” ဟု အမည်ပေးထားသော Facebook နှင့် Zalo အကောင့်များကို အသုံးပြုကာ “အလုပ်ပေါ့ပေါ့ပါးပါးနှင့် လစာကောင်းကောင်းရမည်” ဆိုသည့် ကြော်ငြာများဖြင့် လူစုဆောင်းခဲ့သည်။

သူမ၏ ကြော်ငြာများတွင် ထိုင်းနှင့် မြန်မာနိုင်ငံရှိ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းနှင့် အီလက်ထရွန်နစ်ပစ္စည်း တပ်ဆင်ရေးလုပ်ငန်းများတွင် တစ်လလျှင် လစာ ဗီယက်နမ်ဒေါင် ၁၂ သန်း (ဒေါ်လာ ၄၅၅ ခန့်) ရရှိမည်ဖြစ်ပြီး ခရီးစရိတ်များကို အလုပ်ရှင်က ကျခံမည်ဟု ဖော်ပြခဲ့သည်။

ယင်းကြော်ငြာကို ယုံကြည်ကာ ဆက်သွယ်လာသူများကို ပတ်စပို့ (Passport) လျှောက်ထားပုံများ သင်ကြားပေးပြီး လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ ၎င်းတို့ ရောက်ရှိသွားချိန်တွင် ပတ်စပို့များကို သိမ်းဆည်းခံရပြီး တရုတ်လူမျိုးများပိုင်သည့် ကုမ္ပဏီများထံ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အဆိုပါ ကျားဖြန့် ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသည့် အလုပ်သမားများက မိမိတို့နိုင်ငံရှိ လူများကို ပစ်မှတ်ထားကာ ရင်းနှီးမြှုပ်နှံမှု အတုအယောင်များနှင့် အချစ်ရေးအသုံးချ ငွေလိမ်လည်မှု (Romance Scams) များကို အဓမ္မ လုပ်ကိုင်ခဲ့ကြရသည်။

အလုပ်သမားများသည် လူမှုကွန်ရက်တွင် အကောင့်တုများပြုလုပ်ကာ ဗီယက်နမ်လူမျိုး သူစိမ်းများနှင့် မိတ်ဖွဲ့ပြီးနောက် ၎င်းတို့၏ ဘဏ်အကောင့်ထဲမှ ငွေများကို ကုန်စင်သွားစေမည့် ရင်းနှီးမြှုပ်နှံမှု အက်ပလီကေးရှင်း (App) အတုများနှင့် ဈေးဝယ်ယူမှု လိမ်လည်မှုများထဲသို့ ဆွဲသွင်းကြရသည်။

အလုပ်သမားတစ်ဦးလျှင် တစ်လလျှင် အနည်းဆုံး ဗီယက်နမ်ဒေါင် သန်း ၇၀ ကျော် (ဒေါ်လာ ၂,၆၀၀ ခန့်) လိမ်လည်ပေးရန် သတ်မှတ်ချက် (Quota) ထားရှိပြီး၊ ထိုပမာဏထက် ကျော်လွန်ပါက ၂၀ ရာ ခိုင်နှုန်းကို ကော်မရှင်အဖြစ် ရရှိမည်ဟု ဆိုသည်။

သတ်မှတ်ချက် မပြည့်မီသူများကို တစ်နေ့လျှင် အကြိမ် ၁၀၀ ထိုင်ထလုပ်ခိုင်းခြင်း၊ ရိုက်နှက်ခြင်း၊ မနက် ၂ နာရီ သို့မဟုတ် ၃ နာရီအထိ အလုပ်လုပ်ခိုင်းခြင်းနှင့် အခြားဂိုဏ်းများထံ ပြန်လည်ရောင်းချမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

အလုပ်လုပ်ရန် ငြင်းဆန်ပါက ခရီးစရိတ်၊ အစားအသောက်နှင့် တည်းခိုခစရိတ်ဟုဆိုကာ ဒေါင် ၈၀ သန်းမှ ၁၇၅ သန်းအထိ “လျော်ကြေး” ပေးရန် တောင်းဆိုကြပြီး အဆိုပါ အကြွေးပမာဏမှာလည်း နေ့စဉ်နှင့်အမျှ တိုးပွားနေခဲ့သည်။

စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ နစ်နာသူ ၁၈ ဦးအနက် ၁၇ ဦးမှာ အဓမ္မအလုပ်စေခိုင်းခံခဲ့ရပြီး ၎င်းတို့ထဲမှ ၂ ဦးကို ထိုင်းနိုင်ငံသို့ အရင်ပို့ကာ မြန်မာနိုင်ငံသို့ ထပ်မံလွှဲပြောင်းခဲ့ခြင်း ဖြစ်သည်။ ကျန် ၁၅ ဦးမှာ မြန်မာနိုင်ငံသို့ တိုက်ရိုက် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပြီး ကုမ္ပဏီအမျိုးမျိုးသို့ အကြိမ်ကြိမ် အရောင်းစားခံခဲ့ရသူများလည်း ပါဝင်သည်။

အချို့မှာ တရားဝင် လမ်းကြောင်းများမှတစ်ဆင့် နေရပ်ပြန်နိုင်ခဲ့သော်လည်း အချို့မှာမူ ၎င်းတို့ဘာသာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြခြင်း ဖြစ်သည်။

၁၈ ဦးမြောက် နစ်နာသူ အမျိုးသမီးမှာမူ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန်အတွက် ရောင်းစားခံခဲ့ရခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လဝန်းကျင်တွင် ကွီသည် သူမအား မြန်မာနိုင်ငံရှိ ဘား (Bar) တစ်ခုတွင် တစ်လလျှင် ဒေါ်လာ ၅၀၀ ရမည့် အလုပ်ရမည်ဟု ကတိပေးခဲ့သည်။ သူမ ရောက်ရှိသွားချိန်တွင် ပတ်စပို့ သိမ်းဆည်းခံရပြီး တင်းကျပ်စွာ စောင့်ကြည့်ခံခဲ့ရသည်။

သူမ၏ မိသားစုက ကွီ၏ တောင်းဆိုမှုအရ ပတ်စပို့ ပြန်ရရန်နှင့် အခြားနေရာသို့ ထပ်မံရောင်းစားခြင်း မခံရစေရန်အတွက် ဒေါင် ၁၇၈ သန်းကျော် လွှဲပြောင်းပေးခဲ့ရပြီးနောက်၊ နေရပ်ပြန်နိုင်ရန်အတွက်လည်း ငွေကြေးများ ထပ်မံပေးဆောင်ခဲ့ရသည်။ အဆိုပါ အမျိုးသမီးသည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article