ရန်ကုန် ၊ ဧပြီ ၂၀
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် မှူး ၁ ဦးအပါအဝင် ထိခိုက် သေဆုံးမှုများပြားကြောင်း KIA တော်လှန်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်ဝန်းကျင်အချိန် ဖားကန့်မြို့သို့ စစ်ကူပေးရန် လာရောက် သည့် စစ်ကော်မရှင်တပ် လက်အောက်ခံ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်၊ လီဆူပြည်သူ့စစ်နှင့် ဝါရာဇွပ် ပြည်သူ့စစ်များ ပါဝင်သည့် စစ်ကြောင်းကို KIA ဦးဆောင်သောအဖွဲ့က ဖားကန့် -ကာမိုင်း လမ်းမပေါ် မှော်စီဇာကျေးရွာနှင့် နမ့်မဖျစ်ကျေးရွာကြား၌ လက်နက်ကြီး၊ လက်နက်ငယ် မိုင်းများဖြင့်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပြည်သူ့စစ် ၂၀ ခန့် သေဆုံးမှုရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ထိခိုက်သေဆုံးမှုအတွင်း လီဆူပြည်သူ့စစ်တပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးလည်းပါဝင်ပြီး KIA တပ်ဖွဲ့မှ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာ၊ သင်္ချိုင်းကုန်းအနီးတွင် KIA ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ၍ မိုင်းကွင်းများ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပြည်သူ့စစ်တပ် သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
“ဖားကန့်-ကာမိုင်းလမ်းကြောပေါ်မှာ တိုက်ပွဲဖြစ်တာပါ။ မိုင်းကွင်းထဲ တည့်တည့်တိုးဝင်လာလို့ မိုင်း ဆွဲပစ်ခတ်တိုက်ခိုက်တာမှာ အထိနာသွားတာဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေး သေသေချာချာ မ လုပ်ရသေးဘူး။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာတွေရှိတယ်။” ဟု KIA စစ်ရေးသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အပြင် ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများကို KIA တပ်မဟာ ၉ ၊ အမှတ် ၆ တပ်ရင်း နှင့် ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဖားကန့်မြို့နယ်၊ မရှီကထောင် ဆုတောင်းကုန်းရှိ KIA ပူးပေါင်းတပ် စခန်းကို စစ်ကော်မရှင်တပ်မှ စစ်အင်အား အလုံးအရင်းဖြင့် ကျားတက်ထိုးပြီး တိုက်ခိုက်ခဲ့ရာ စစ်မှု ထမ်းတပ်သား အများအပြား သေဆုံးခဲ့ပြီး အင်အားပြုန်းတီးသွားသဖြင့် ပြည်သူ့စစ်များကို အင်အား ဖြည့်တင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ သံတံားအနီးတွင် စစ်တပ်က ခရီးသွားပြည်သူ့ကားများကို တားဆီး စစ်ဆေးပြီး ရွှေ၊ငွေ၊ လက်ဝတ်ရတနာများကို လုယက်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၁၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က ဖားကန်မြို့နယ်၊ မျောက်ကုန်းထိပ်တံတား၌ လုံခြုံရေး ယူထားသော စစ်သား၊ ပြည်သူ့စစ်များက AD ဗန်ကားတစ်စီးကို တားဆီးစစ်ဆေးပြီး ကား ပေါ်၌ လိုက်ပါလာသူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ပြီး ကျောက်စိမ်းလက်စွပ်တစ်ကွင်း၊ ငွေ ကျပ် ၅ သောင်း၊ ကားသမားထံမှ ငွေကျပ် ၃ သောင်း လုယက်ယူဆောင်သွားကြောင်း သိရသည်။
“ဒီမနက် AD ဗန်ခရီးသွားကား ခွန်ဆာကုန်းမှာ ပစ္စည်းတင်ဖို့သွားတဲ့အချိန် မျောက်ကုန်းတံတားမှာ လက်နက်ကိုင်တွေအများကြီးရှိတယ်။ သူတို့ရှေ့မှာ နှစ်ယောက် တားတယ်။ အသားဖြူဖြူ အရပ် ရှည်ရှည် သက်လတ်ပိုင်းနဲ့ နောက်တစ်ယောက် က အသားညိုပြီး အရပ်ပုတယ်။ သေနတ်နဲ့ချိန်ပြီး ကလေးအမေကို ဓားပြတိုက်သလို လက်ကိုင်အိတ်ကို အတင်းဆွဲယူစစ်တယ်။ ပစ္စည်းတွေ အကုန် ထုတ်စစ်ပြီးတော့ ကျောက်စိမ်းလက်စွပ်တစ်ကွင်းယူသွားပါတယ်။ ကလေးအမေက ငိုယိုပြီး ပြော တာတောင် ဗမာလား၊ ရှမ်းလား၊ တရုတ်လားလို့ ငေါက်ငန်းပြီး မသေချင်ရင် စကားမများနဲ့ဆိုပြီး နားထင်ကို သေနတ်နဲ့ချိတ်တယ်။ ဖုန်းဆင်းကဒ်တွေပါ ဖြုတ်ပြီး ဖုန်းပါ သိမ်းဖို့လုပ်တာ။ မနည်း တောင်းပန်ပြောမှ ဖုန်းပြန်ပေးတယ်။ ကားထွက်ခါနီး ကလေးအမေဆီက ငွေ ၅ သောင်း ပြန်တောင်း တယ်။ ကားသမားဆီက ငွေသုံးသောင်း ထပ်တောင်းသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ လုံးခင်းသံတံတားအနီးတွင် ယောက်ျားလေးတစ်ဦး ဝတ်ဆင်ထားသည့် နားကပ်ကို စစ်သား၊ ပြည်သူ့စစ်များက အတင်းချွတ်ယူသွားကြောင်း၊ ထို့အပြင် ကျောက်ရောင်းရန်လာရောက်သူများထံမှလည်း ကျောက်များ၊ ဖုန်းများနှင့်ငွေများကို သိမ်းယူသွား ကြောင်း သိရသည်။
“လုံးခင်းသံတံတားနားမှာလည်း စစ်ဆေးပြီး ပစ္စည်းတွေသိမ်းတယ်။ ယောက်ျားတစ်ယောက် နားမှာ ဝတ်ထားတဲ့ ရွှေနားဋောင်းကို ဖြုတ်သိမ်းသွားတယ်။ ပြီးတော့ ကျောက်လာရောင်းတဲ့လူတွေဆီက လည်း ဖုန်း၊ ငွေနဲ့ ကျောက်တွေ သိမ်းယူသွားကြတယ်။ လာသမျှလူတွေကို အကုန်စစ်ပြီး တန်ဖိုးရှိ တာအကုန်သိမ်းယူနေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။




