ရန်ကုန်၊ ဧပြီ ၂၁
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဝန်းထရံ ကျောက်လုပ်ကွက်နှင့် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ၎င်းတို့နှင့် အကျိုးတူ လုပ်ကိုင်နေသောသူများကို အစည်းအဝေး ခေါ်ယူ၍ ဆက်လက် လုပ်ဆောင်ခြင်းမပြုလုပ်ဘဲ ထွက်ခွာပေးရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ပြောဆိုပြီးနောက် ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝန်းထရံကျောက်လုပ်ကွက်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် မြေတွင်း ကျောက်လုပ်ကွက်များ အပါအဝင် နေအိမ် အားလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့နှင့် အကျိုးတူ လုပ်ကိုင်နေသော ခဲတွင်းများကို မီးရှို့ဖျက်ဆီးခြင်းမရှိကြောင်း သိရှိရသည်။
“မနေ့က မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံ လုပ်ကွက် တစ်ရပ်ကွက်လုံးကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးလိုက်တယ်။ ၁၉ ရက်နေ့ညက လုပ်ကွက်တွေမလုပ်ဖို့ စက်တွေသိမ်းဖို့ သူတို့နဲ့ နီးစပ်ရာ လူတွေကိုအစည်းဝေးခေါ်ပြီးပြောခဲ့ပါတယ်။ အဲလိုပြောပြီး ၂၀ ရက်နေ့ နံနက်ကျတော့ အချိန်မပေးဘဲ သေနတ်တွေ ဖောက်ပြီး ဘယ်သူမှ အဝင်မခံဘဲ လုပ်ကွက်အားလုံးကို မီးရှို့ခဲ့တာပါ။ ဘာကြောင့်လုပ်တာလဲဆိုတာ အခုထိ မသိရသေးပါဘူး။ အခုက မြေတွင်းတွေပဲ ရှို့ပြီး ခဲတွင်းတွေကိုမရှို့ပါဘူး။ ခဲတွင်းတွေက သူတို့နဲ့ပတ်သတ်တဲ့သူတွေလုပ်နေလို့ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မတ်လပိုင်းတွင် မိုးကုတ်၊ မိုးမိတ် စစ်ဦးစီးချုပ်၏ အမိန့်ဖြင့် မိုးကုတ်မြို့နယ်မှ တော်လှန်ရေးတပ်များ ဆုတ်ခွာပြီးနောက် အကြမ်းဖက် စစ်တပ်က ၎င်းတို့ ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန် စတင်ကြိုးစားလာခြင်းဖြစ်ပြီး ပြည်သူများကို ဖိနှိပ်မှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်






