34 C
Yangon

စစ်မှုထမ်းအပတ်စဉ် ၂၄ အတွက် မြိတ်၊ ကျုံပျော်နှင့် စစ်ကိုင်းတို့တွင် လူငယ် ၅၀ ဦးထက်မနည်းကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၁

မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်အသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက တပ်သားသစ်စုဆောင်းခြင်း ခေါင်းစဉ်ဖြင့် အမျိုးသား၊ အမျိုးသမီးလူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ပြည်သူများထံမှ ငွေကြေးအဓမ္မညှစ်ယူခြင်းများကို အရှိန်အဟုန်ဖြင့် ကျူးလွန်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ဧပြီလ ၂၀ ရက်နေ့က အလုပ်သွားအလုပ်ပြန်လုပ်နေသည့် လူငယ် ၅၀ ဦးခန့်ကို စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးသွားသည်။ ယခုအခါ စစ်ကောင်စီသည် လူများသတိထားမိသည့် ကားများဖြင့် ပတ်ခြင်းမျိုးမဟုတ်ဘဲ အရပ်သားကဲ့သို့ လမ်းလျှောက်လာပြီးမှ အနားရောက်လျှင် ဂုတ်ဆွဲဖမ်းဆီးသည့် နည်းလမ်းကို ပြောင်းလဲအသုံးပြုလာသည်။

ဒေသခံတစ်ဦးက “စစ်ခွေးတွေက ကားကို တစ်နေရာမှာ ရပ်ထားပြီး လမ်းလျှောက်လာတာ။ အနားရောက်မှ ဂုတ်ဆွဲ၊ သေနတ်နဲ့ထောက်ပြီး ခေါ်တာဆိုတော့ ပြေးချိန်တောင် မရလိုက်ဘူး။ ဧပြီလ ၂၅ ရက်နေ့အထိ ဆက်တိုက်ဖမ်းမယ်လို့ သိရတယ်။ လက်ရှိမှာ မိသားစုနဲ့ ပေးမတွေ့သလို ပိုက်ဆံနဲ့လာရွေးရင်လည်း အရွေးမခံဘူး” ဟု ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး ဦးဆောင်သောအဖွဲ့က လူငယ် ၈ ဦးကို အကြောင်းမဲ့ဖမ်းဆီးကာ ရှားတောဝရပ်ကွက် စာကြည့်တိုက်ဟောင်းအတွင်း ပိတ်လှောင်ထားသည်။

ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက “ သားလေးတစ်ယောက်တည်း ရှိတာပါ။ ကျွန်မက အသက် ၇၀ ကျော်ပါပြီ၊ ပြန်လွှတ်ပေးပါ” ဟု ငိုယိုတောင်းပန်ကာ သားဖြစ်သူ ပြန်လွှတ်ပေးရန် အသနားခံသော်လည်း ပြန်လွတ်လာခြင်းမရှိဟု သိရှိရသည်။

ဒေသခံများ၏အဆိုအရ အဆိုပါ ဖမ်းဆီးမှုမှာ စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့အတူ ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင်လည်း အုန်းနှဲရိုးကျေးရွာတွင် အုပ်ချုပ်ရေးမှူး မြင့်ဇော်ဦးနှင့် ဇနီးဖြစ်သူတို့က စစ်ကောင်စီနှင့် ရဲများကို အသုံးချကာ စစ်မှုထမ်းကြေးအဖြစ် တစ်အိမ်လျှင် ကျပ်နှစ်သောင်းစီ လစဉ်အဓမ္မကောက်ခံနေသည်။

ကျေးရွာသားတစ်ဦးက “ကျေးရွာပြည်သူလူထုမှာ စားစရာမရှိ ရော်စရာရှိဆိုသလို စိတ်နှလုံးပင်ပန်းစွာနဲ့ ရှာဖွေပေးဆပ်နေရပါတယ်။ လောင်းကစားဝိုင်းတွေကိုလည်း ရဲတွေနဲ့ပေါင်းပြီး အမြဲကျင်းပနေတော့ လူငယ်တွေ အကျင့်စာရိတ္တတွေ ပျက်စီးကုန်ပြီ။ ဘယ်ကိုမှလည်း မတိုင်ဝံ့ဘူး၊ ကြောက်နေရတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ အဆိုပါကျူးလွန်မှုများကြောင့် ဒေသအသီးသီးရှိ ပြည်သူများမှာ ကြောက် ရွံ့ထိတ်လန့်နေကြရပြီး၊ တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထုကိုယ်စား အမြန်ဆုံး စုံစမ်းအရေးယူပေးရန်နှင့် မိဘပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်းများကို အထူးဂရုပြု ရှောင်ကြဉ်ကြရန် နှိုးဆော်ထားကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article