34 C
Yangon

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်၊ ဝေါလေမြို့တွင် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ထိုင်းဘက်ခြမ်းသို့လည်း ဗုံးဆန်များကျရောက်သဖြင့် ပျက်စီးမှုများဖြစ်ပေါ်နေ

Must read

ရန်ကုန်၊ ဧပြီ ၂၁

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက် မြန်မာနိုင်ငံဘက်အခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မြန်မာဘက်ခြမ်းရှိ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ထိုင်းဘက်ခြမ်းရှိ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်နှင့် ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဝေါလေစစ်ဗျူဟာကုန်းမှ စစ်တပ်က ဝေါလေမြို့ပေါ်ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ၊ ပြည်သူပိုင်မော်တော်ယာဉ်နှင့် ဈေးဆိုင်အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

လတ်တလော KNLA နှင့် ပူးပေါင်းတပ်များက ဝေါလေဗျူဟာကုန်းကို ပိတ်ဆို့ထားသဖြင့် စစ်တပ်တွင် သောက်သုံးရေနှင့် ရိက္ခာများ ပြတ်လတ်နေပြီး လေကြောင်းမှတစ်ဆင့် လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းကာ ခုခံနေရကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ မြန်မာဘက်ခြမ်းမှ ဝေါလေမြို့ခံအများအပြားမှာ ထိုင်းနိုင်ငံဘက်သို့ စစ်ရှောင်နေကြရပြီး နယ်စပ်တစ်လျှောက် စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်အနီးတွင်လည်း မြန်မာစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ထိုင်းဘက်ခြမ်းသို့ ဗုံးဆန်များကျရောက်သဖြင့် ထိုင်းအာဏာပိုင်များ ကွင်းဆင်းစစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ သံလွင်မြစ်ဘေးရှိ KNU အခြေစိုက်စခန်းများကို မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ဗုံးအစအနအချို့သည် ထိုင်းနိုင်ငံဘက်ခြမ်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မယ်စာလျံမြို့နယ်ရှိ မယ်ဝမ်ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည်။

ထို့ကြောင့် ထိုင်းအာဏာပိုင်များက ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းတွင် နယ်စပ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စစ်ဆေးချက်အရ မြန်မာစစ်တပ်က ပစခတ်ခဲ့သော ဗုံးကြောင့် ထိုင်းနိုင်ငံသားတစ်ဦး၏ နေအိမ်ခေါင်မိုး ဗုံးဆန်ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း အတည်ပြုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် ၂၄ နာရီပတ်လုံး ကင်းလှည့်စစ်ဆေးမှုများ တိုးမြှင့်ရန်၊ တိုက်ပွဲများ ပြင်းထန်လာပါက ခိုလှုံနိုင်ရန် ဗုံးခိုကျင်းများနှင့် အရေးပေါ်အုပ်စုလိုက် ရွှေ့ပြောင်းမည့်နေရာများကို ပြင်ဆင်ထားရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အုပ်ချုပ်ရေး၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အသင့်အနေအထားဖြင့် စောင့်ကြည့်ရန် ထိုင်းအစိုးရက ညွှန်ကြားထားကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article